ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ အားထားရတဲ့ လူငယ် ကွင်းလယ်ခံစစ် ကစားသမား ဂယ်လ်မာကို ဒူးခေါင်းဒဏ်ရာကြောင့် ရာသီကုန်အထိ လက်လွှတ်ရတော့မယ်လို့ သိရပါတယ်။ အသက်၁၉နှစ်အရွယ်သာ ရှိသေးတဲ့ လူငယ် ကွင်းလယ် ခံစစ် ကစားသမားလေး ဂယ်လ်မာဟာ လက်ရှိ ဘောလုံးရာသီမှာမှ ချယ်လ်ဆီးအသင်းနဲ့အတူ တောက်ပလာတဲ့ လူငယ် ကစားသမားလေး ဖြစ်ပြီး ချယ်လ်ဆီး နည်းပြ လမ်းပတ်ရဲ့ အကြိုက်တွေ့ချင်းကို ခံနေရသူ ဖြစ်ပါတယ်။ ဂယ်လ်မာဟာ အသက် ၁၉ နှစ် အရွယ်သာ ရှိသေးပေမယ့် ကွင်းလယ်ပိုင်းကို အကောင်းဆုံး ထိန်းကျောင်းနိုင်သူ ဖြစ်ပြီး အနာဂတ်မှာ ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ် ကြယ်ပွင့် ဖြစ်လာမယ့်သူ အဖြစ် သတ်မှတ် ခံထားရသူပါ။

Photo Credit: Express

ဂယ်လ်မာဟာ ပြီးခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပွဲစဉ်မှာ ချယ်လ်ဆီး အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်တဲ့ ကစားသမားတွေထဲက တစ်ဦး ဖြစ်ပေမယ့် ပွဲပြီးဆုံးခါနီးမှာ ဒဏ်ရာရရှိသွားတာကြောင့် ဂျော်ဂျင်ဟိုနဲ့ လူစားလဲခဲ့ရပါတယ်။ အဆိုပါပွဲ ပြီးသွားချိန်မှာတော့ ချယ်လ်ဆီးအသင်းရဲ့ ဆေးအဖွဲ့ဟာ ဂယ်လ်မာရဲ့ ဒဏ်ရာဟာ အသေးစား ဒဏ်ရာသာ ဖြစ်လိမ့်မယ်လို့ ထင်ခဲ့ကြပေမယ့် ဒဏ်ရာကို ဆေးစစ်မှုတွေ ပြုလုပ်ရာမှာတော့ ဂယ်လ်မာ ဟာ အနည်းငယ် ပြင်းထန်တဲ့ ဒဏ်ရာကို ရရှိခဲ့ကြောင်း သိရပါတယ်။ လန်ဒန်အခြေစိုက် သတင်းတွေရဲ့ ဖော်ပြမှုအရတော့ ဂယ်လ်မာ ဟာ ဒူးခေါင်းဒဏ်ရာ ရရှိခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

Photo Credit: Express

ဂယ်လ်မာဟာ နောက်ပိုင်းပွဲစဉ်တွေမှာ လမ်းပတ်ရဲ့ ယုံကြည်မှုကို ရရှိထားတဲ့ ကစားသမားရဖြစ်တာကြောင့် ယခုလို ဒဏ်ရာပြဿနာ ရရှိသွားမှုဟာ ဂယ်လ်မာအတွက်ရော ချယ်လ်ဆီး အသင်းအတွက်ပါ စိတ်ပျက်စရာ ကိစ္စရပ်တစ်ခု ဖြစ်ခဲ့ရသလို ယခုတစ်ပတ်မှာ တွေ့ရမယ့် ရှက်ဖီးလ်အသင်းနဲ့ ပွဲစဉ်အတွက် ကွင်းလယ်လူတွေကို ရွေးချယ်ရာမှာလည်း လမ်းပတ်ဟာ အခက်အခဲတွေ့နေတယ်လို့ အတွင်းသတင်းတွေက ဆိုထားကြပါတယ်။ ဂယ်လ်မာဟာ ဒူးခေါင်းဒဏ်ရာကြောင့် ရာသီကုန်အထိ အနားယူရဖွယ် ရှိသလို အခြားသော ကွင်းလယ် ကစားသမားတွေ ဖြစ်တဲ့ ကန်တီနဲ့ ကိုဗာဆစ်တို့ဟာ လည်း အသေးစား ဒဏ်ရာပြဿနာတွေကြောင့် ရှက်ဖီးလ်နဲ့ပွဲစဉ်ကို ပါဝင်နိုင်ဖို့ မရေရာတဲ့ အနေအထားတွေမှာ ရှိနေပါတယ်။ ဒါ့ကြောင့် လမ်းပတ်အနေနဲ့ ရှက်ဖီးလ်နဲ့ပွဲမှာ ဂျော်ဂျင်ဟို ၊ ဘာကလေ ၊ မေဆန်မောင့် တို့ရဲ့ ကွင်းလယ် အတွဲအဖက်ကိုပဲ အသုံးပြရဖွယ် ရှိနေပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက် အကြိတ်အနယ် ကြိုးစားနေရတဲ့အချိန်မှာ အခုလို ကွင်းလယ်လူတွေက ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဟာ လမ်းပတ်အတွက်တော့ ခေါင်းခဲစရာပါပ​ဲ။