ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သူ ဂီဘာတို ဆေးလ်ဗားကတော့ လက်ရှိ အာဆင်နယ်အသင်းရဲ့ အဓိက ကွင်းလယ်ခံစစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရတဲ့ ပါတေးဟာ သူ့ရဲ့ အသင်းဖော်ဟောင်း ဖြစ်သူ ဗီအဲရာရဲ့ ခြေရာကို နင်းနိုင်သူ တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။
အသက် ၂၈နှစ် အရွယ် ဂါနာလက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား သောမတ်စ် ပါတေးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အက်သလက်တီကို မက်ဒရစ်အသင်း ကနေ အာဆင်နယ်အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသူပါ။
Photo Credit: Metro
ပါတေးဟာ အာဆင်နယ်အသင်းဆီ ရောက်လာကတည်းက အသင်းရဲ့ အဓိက ကွင်းလယ်လူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနေသူ တဦး ဖြစ်ကာ ပြီးခဲ့တဲ့ စနေနေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်မှာလည်း သူ့ရဲ့ ထိပ်တန်းအဆင့် ခြေစွမ်းကို ထပ်မံ သက်သေပြခဲ့ပါသေးတယ်။
အာဆင်နယ်နဲ့ မန်ချက်စတာ စီးတီးတို့ ပွဲစဉ်မှာ အာဆင်နယ်အသင်းက ၁-၂ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် အဆိုပါပွဲစဉ်မှာ ပါတေး ဦးဆောင်တဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းဟာ ကစားသမား တယောက် မလျော့ခင်အထိ မန်ချက်စတာ စီးတီးအသင်းရဲ့ ကွင်းလယ်ကို စိုးမိုးထားနိုင်ခဲ့ပါတယ်။
Photo Credit: Metro
ဒါကြောင့်ပဲ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သူ ဂီဘာတို ဆေးလ်ဗားက ပါတေးကို သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် ချီးကျူးသွားခဲ့တာပါ။ ဂီဘာတို ဆေးလ်ဗားက “ပါတေးဟာ ဗီအဲရာနဲ့ အတော်လေး တူနေပြီ” လို့ သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသားကာ ပါတေးကို ချီးကျူးခဲ့တာ ဖြစ်ပြီး အဆိုပါပို့စ်အောက်မှာ အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေကလည်း ပါတေးရဲ့ ခြေစွမ်းကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ကြပါသေးတယ်။