မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ဂန္တဝင် ကစားသမား တစ်ဦး ဖြစ်တဲ့ ရိုယန်ဂစ် ဟာ ရည်းစားဖြစ်သူ ကိတ်ဂရက်ဘယ် အပေါ်မှာ ကိုယ်ထိလက်ရောက် ကျုးလွန်ခဲ့တယ် ဆိုပြီး သံသယ ရှိတာကြောင့် အဖမ်းခံခဲ့ရပါတယ်။ ရဲတွေက တနင်္ဂနွေနေ့ည ၁၀ နာရီ‌ ကျော်လောက်က ဝေါ့စ်စလေမှာ ရှိတဲ့ ရိုင်ယန်ဂစ်ရဲ့ ပေါင် ၁.၇ သန်း တန်တဲ့ အိမ်ကို ရောက်ရှိလာခဲ့ကြပြီးတော့ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။ ဂစ်ကို ပန်ဒယ်တန် ရဲစခန်းကို ခေါ်ဆောင်သွားခဲ့ပြီးတော့ တကယ်ပြစ်မှုကျုးလွန်ခြင်းရှိမရှိ ရဲတွေက မေးမြန်းစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ရဲတွေရဲ့ ပြောကြားချက်အရတော့ ဂစ်ကို စစ်ဆေးမှုတွေ ဆိုင်းငံ့ထားပြီးတော့ အာမခံနဲ့ ပြန်လွှတ်ပေးထားတယ်လို့ သိရပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ရဲဌာန ကတော့ “ တနင်္ဂနွေနေ့ ည ၁၀ နာရီ ၅ မိနစ်လောက်က ရဲစခန်းကို တိုင်ကြားမှုတစ်ခု ရောက်လာပါတယ်။ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး အသေးစားဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဆေးကုသမှုတော့ ခံယူစရာ မလိုခဲ့ပါဘူး။ အသက် ၄၆ နှစ်အရွယ် လူတစ်ဦးကိုလည်း ပုဒ်မ ၄၇ နဲ့ ပုဒ်မ ၃၉ ကိုချိုးဖောက်တယ်ဆိုပြီး သံသယရှိတာကြောင့် ဖမ်းဆီးခဲ့ပါတယ် ” လို့ ထုတ်ပြန် ကြေညာထားပါတယ်။ ဝေးလ် ဘောလုံးအဖွဲ့ချုပ်ကတော့ အဆိုပါ ကိစ္စထဲမှာ သူတို့ရဲ့ နည်းပြ ပါဝင်တယ်ဆိုတာကို သိရှိရကြောင်း စာထုတ်ပြန်ထားပါတယ်။ အဆိုပါ စာထဲမှာ ဂစ် အနေနဲ့ မကြာခင်မှာ ပြုလုပ်မယ့် ဝေးလ် အသင်းအတွက် သတင်းစာရှင်းလင်းပွဲကိုလည်း ဖျက်သိမ်းကြောင်း ရေးသားထားပါတယ်။ ဝေးလ်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒီအချိန်မှာ နောက်ထပ် ကြေညာချက်မျိုးမပြုလုပ်နိုင်သေးဘူးလို့လည်း ဆိုထားပါတယ်။

Photo Credit: Mirror

ဂစ် အနေနဲ့ကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီးတော့ ဆက်လက်စုံစမ်း စစ်ဆေးမှုတွေ အတွက် ရဲတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဂစ်ဟာ အိုးထရက်ဖို့ဒ် အနီးမှာရှိတဲ့ သူပိုင်‌ဆိုင်တဲ့ Hotel Football မှာ ရှိနေခဲ့ပြီးတော့ ယူနိုက်တက်နဲ့ အာဆင်နယ်ပွဲအပြီးမှာ အသင်းဖော်ဟောင်းတစ်ဦးဖြစ်တဲ့ ဂယ်ရီနဗီး နဲ့ အကျိုးတူ ပိုင်ဆိုင်တဲ့ ဟိုတယ်ကို သွားရောက်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ရိုင်ယန်ဂစ်ဟာ ချစ်သူကောင်မလေး ကိတ် နဲ့ Hotel Football မှာ တွေ့ဆုံ ခဲ့ကြတာ ဖြစ်ပြီးတော့ သူတို့နှစ်ဦးဟာ ၂၀၁၇ ခုနှစ်ကတည်းက တွဲလိုက်ပြတ်လိုက်ဖြစ်နေခဲ့ကြပါတယ်။ ဂစ်ဟာ ကိတ်နဲ့ ဆက်ဆံရေးကို ပရိသတ်ရှေ့ ချမပြခင် ဇနီးဖြစ်သူ စတေစီ နဲ့ ၂၀၁၈ အစောပိုင်းလောက်က ကွာရှင်းခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၈ နှစ်လောက်ကလည်း ရိုင်ယန်ဂစ်ဟာ ညီဖြစ်သူ ရိုဒရီရဲ့ ဇနီးဖြစ် နာတာရှာ နဲ့ ကိစ္စလေးတွေလည်း ရှိခဲ့ဖူးပါတယ်။