MySport Myanmar

တန်ဟက်ဂ်နဲ့ ဆန်ချို ပြဿနာမှာ တန်ဟက်ဂ်ဘက်ကနေ ရပ်တည်လိုက်တဲ့ ရိုင်ယန်ဂစ်

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ဖြစ်သလို နည်းပြဟောင်းလည်း ဖြစ်တဲ့ ရိုင်ယန်ဂစ်က မကြာသေးမီကမှ ဖြစ်ပွားခဲ့တဲ့ ယူနိုက်တက်နည်းပြ တန်ဟက်ဂ်နဲ့ တောင်ပံကစားသမား ဆန်ချိုတို့ရဲ့ ရန်ပွဲမှာ ဆန်ချိုရဲ့ လုပ်ရပ်ဟာ မှားယွင်းကြောင်း ဝေဖန်သွားခဲ့ပါတယ်။

တန်ဟက်ဂ်နဲ့ ဆန်ချိုတို့က ပွဲထွက်ခွင့်ကိစ္စနဲ့ ပတ်သတ်ပြီး အချင်းများခဲ့ကြတာ ဖြစ်ပြီး ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ မကြိုးစားဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ ပွဲကစားခွင့် မပေးခဲ့သလို ဆန်ချိုကလည်း တန်ဟက်ဂ်ဟာ ပုဂ္ဂိုလ်ရေးအစွဲကြောင့် သူ့ကို ကစားခွင့် မပေးတာလို့ ယုံကြည်နေပါတယ်။

Photo Credit: Sky Sports

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ တန်ဟက်ဂ်က အင်တာဗျူး တခုမှာ ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ မကြိုးစားတာကြောင့် သူက ဆန်ချိုကို အသင်းရဲ့ လူစာရင်းထဲ ကနေ ဖယ်ရှားခဲ့တာလို့ လူသိရှင်ကြား ပြောခဲ့သလို ဆန်ချိုကလည်း အဲ့ဒီနေ့ညမှာပဲ တန်ဟက်ဂ် ပြောခဲ့တဲ့ စကားတွေဟာ အလိမ်အညာတွေ ဖြစ်ကြောင်းနဲ့ တန်ဟက်ဂ်ဟာ ရလဒ်ဆိုးတွေ အတွက် သူ့ကို ဓားစာခံ အဖြစ် လုပ်တာ အတော်လေးကို ကြာမြင့်နေပြီ ဖြစ်ကြောင်း အဓိပ္ပါယ် ရတဲ့ စာကို လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။

အဆိုပါစာကြောင့်ပဲ တန်ဟက်ဂ်နဲ့ ဆန်ချိုတို့ရဲ့ အကွဲအပြဲက လူသိရှင်ကြား ဖြစ်သွားခဲ့ပြီး ဘောလုံးသမားဟောင်းတွေနဲ့ ဘောလုံးရေးရာ သုံးသပ်သူတွေကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းတွင်းကိစ္စတွေကို လူသိရှင်ကြား ထုတ်ဖော်ခဲ့တဲ့ ဆန်ချိုကို ပြင်းပြင်းထန်ထန် အရေးယူသင့်သလို အသင်းကနေပါ ရောင်းထုတ်သင့်ကြောင်း ပြောကြားထားကြပါတယ်။

Photo Credit: The Sun

ယူနိုက်တက်ရဲ့ ဂန္တဝင် ကစားသမား ဖြစ်သူ ရိုင်ယန်ဂစ်ကလည်း အသင်းတွင်းကိစ္စတွေကို ဖော်ကောင် လုပ်ခဲ့တဲ့ ဆန်ချိုကို ဝေဖန်မှုတွေ လုပ်ခဲ့ပြီး ဆန်ချိုဟာ ပွဲထွက်ခွင့် ရချင်ရင် လေ့ကျင့်ရေးကွင်းမှာ အကောင်းဆုံး ကြိုးစား ကစားသင့်ကြောင်း ဆုံးမသွားခဲ့ပါတယ်။

ရိုင်ယန်ဂစ်က – “ဆန်ချို တယောက် ယူနိုက်တက်ဆီ ပြောင်းလာတဲ့အချိန်မှာ ကျွန်တော်က အတော်လေး ပျော်ခဲ့ပါတယ်။ သူက ယူနိုက်တက်မှာ အောင်မြင်လိမ့်မယ်လို့လည်း ထင်ခဲ့ပါတယ်။ ဒါပေမယ့် သူက ထင်ထားသလို မအောင်မြင်ခဲ့ပါဘူး။ တန်ဟက်ဂ်က သူ့ကို နေရာစုံမှာ ထားပြီး အသုံးပြုခဲ့ပါတယ်။ ပြီးတော့ တန်ဟက်ဂ်က သူ့ရဲ့ အကောင်းဆုံးပုံစံ ပြန်ရအောင် အချိန်တွေလည်း ပေးခဲ့ပါတယ်။ ကျွန်တော်ကတော့ တန်ဟက်ဂ် တယောက် ဆန်ချိုကို လူသိရှင်ကြား ဝေဖန်ခဲ့တာဟာ ဆန်ချိုရဲ့ ပုံစံကောင်းကို ပြန်ရှာဖွေပေးဖို့ အတွက် နောက်ဆုံး ကြိုးပမ်းချက်လို့ပဲ မြင်ပါတယ်။ တန်ဟက်ဂ်ရဲ့ စကားကြောင့် ဆန်ချိုက “ဟုတ်ပြီ။ ငါ ဘာလုပ်နိုင်လဲ ဆိုတာ သူ့ကို ပြမယ်” ဆိုပြီး ကြိုးစားလို့ ရသလို သူက နည်းပြကို စိတ်ကောက်ပြီး ဘာမှမလုပ်တော့ပဲ နေလို့လည်း ရပါတယ်။ ဒီနှစ်မျိုးထဲမှာ ဘယ်အရာကို ရွေးမလဲ ဆိုတာကတော့ သူ့အပေါ်ပဲ မူတည်ပါလိမ့်မယ်။ ကျွန်တော့်ရဲ့ အတွေ့အကြုံအရ ပြောရမယ် ဆိုရင်တော့ ယူနိုက်တက်ရဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေက ပွဲကစားရတာထက်တောင် ပိုမို ခက်ခဲပါတယ်။ ခင်ဗျားက ပွဲထွက်ခွင့် ရချင်တယ် ဆိုရင် လေ့ကျင့်ခန်း အစီအစဉ်တွေမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြဖို့ လိုပါတယ်။ ဆန်ချိုက ပွဲထွက်ခွင့် ရချင်တယ် ဆိုရင် တိုးတက်မှုတွေ ပြနိုင်ရပါမယ်။ တကယ်လို့ သူကသာ လေ့ကျင့်ရေးကွင်းမှာ ကောင်းကောင်း မကစားနိုင်ဘူး ဆိုရင် သူက ပွဲကစားခွင့် မရသင့်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version