MySport Myanmar

နေမာကို အာဆင်နယ်အသင်းမှာ တွေ့မြင်ချင်တယ်လို့ ဂီဘာတို ဆေးလ်ဗား ဖွင့်ဟ

အာဆင်နယ်အသင်းနဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီးတစ်ဦးဖြစ်သူ ဂီဘာတို ဆေးလ်ဗားက သူ့အနေနဲ့ ဘရာဇီးလ် စူပါစတား တိုက်စစ်ကစားသမား နေမာကို အာဆင်နယ်အသင်းမှာ ပါဝင်ကစားနေတာ တွေ့မြင်သွားချင်သလို နေမာလည်း အာဆင်နယ်ဆီ ပြောင်းရွှေ့ရင်း ပရီးမီးယားလိဂ်မှာ ကျင်လည်သင့်တယ်လို့ တိုက်တွန်း ပြောဆိုသွားခဲ့ပါတယ်။

အသက် (၃၂)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘရာဇီးလ် လက်ရွေးစင် နေမာဟာ မက်ဆီ ရော်နယ်လ်ဒိုတို့ပြီးရင် တတိယမြောက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားလို့ သတ်မှတ်ရလိုက်တဲ့အထိ ဘောလုံးအရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်ပြီး ဘောလုံးပရိသတ်များစွာရဲ့ အသည်းကျော် ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit : Marca

ဒါပေမယ့် ဒဏ်ရာပြသာနာတွေ မကြာခဏ ရင်ဆိုင်နေရသလို ကွင်းအပြင် ကိစ္စတွေမှာ အာရုံများနေမှုတွေက နေမာရဲ့ ဘောလုံးသမားဘဝကို အဟန့်အတား ဖြစ်စေရပြီး သူပါဝင်ကစားခဲ့ဖူးတဲ့ ဘာစီလိုနာ ပီအက်စ်ဂျီတို့နဲ့ အသင်းလိုက် ဆုဖလားတွေ များစွာ ရယူနိုင်ခဲ့သည်တိုင် တစ်ဦးချင်း အကောင်းဆုံး ကစားသမားဆုအပိုင်းမှာတော့ သူမရခဲ့တဲ့ နာမည်ကြီး ဆုတွေက အမြောက်အများကို ရှိနေရပါတယ်။

ဒါ့အပြင် နေမာဟာ လက်ရှိမှာလည်း ဥရောပ ဘောလုံးနယ်ပယ်ကနေ စွန့်ခွာပြီး ဆော်ဒီကလပ် အယ်လ်ဟီလာအသင်းဆီ ပေါင် (၇၈)သန်းနဲ့ ပြောင်းရွှေ့ထားခဲ့ရာ သူရဲ့ ဘရာဇီးလ် ကစားသမားကြီး ဂီဘာတို ဆေးလ်ဗားက နေမာအနေနဲ့ ဥရောပမှာ ဘောလုံးပြန်ကစားသင့်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ လာရောက်သင့်ကြောင်းနဲ့ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့စေချင်ကြောင်း တိုက်တွန်းပြောသွားခဲ့ပါတယ်။

Photo Credit : The Sun

“ကျွန်တော်ကတော့ နေမာကို အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးမှာ ပါဝင်ကစားနေတာကို တွေ့မြင်ချင်ပါတယ်။ အဲ့ဒီလိုသာ ဖြစ်လာမယ်ဆိုရင် အရမ်းကို စိတ်ဝင်စားဖို့ကောင်းမှာ အသေအချာပဲ။ ဒီအပြောင်းအရွှေ့က ဖြစ်လာခဲ့မယ်ဆိုရင်တော့ အဲ့ဒီကနေ ပရိသတ်တွေအတွက် ပျော်ရွှင်စိတ်လှုပ်ရှားစရာတွေ သယ်ဆောင်လာမှာ ဖြစ်သလို ပရီးမီးယားလိဂ် ပြိုင်ပွဲဟာလည်း ပိုပြီးတော့ ထူးရှယ်လိဂ်ကြီး ဖြစ်လာလိမ့်မယ်။”

“ပရီးမီးယားလိဂ်ပြိုင်ပွဲကို ကြည့်လိုက်တဲ့အခါ တကယ့်ကို ကမ္ဘာကျော် ကစားသမားတွေ ယှဉ်ပြိုင်ကစားနေတာကို ကျွန်တော်တို့ မြင်တွေ့ရတယ်။ မြင်လည်း မြင်တွေ့ချင်ပါတယ်။ နေမာကိုသာ ရလိုက်မယ်ဆိုရင်တော့ ပရီးမီးယားလိဂ်က အရမ်းမိုက်သွားမှာ။ ဖြစ်လာမလားဆိုတာတော့ ကြည့်ရတာပေါ့လေ။ နောက်ပြီး သူ အာဆင်နယ်ကို ပြောင်းလာဖို့ဆိုတာလည်း မဖြစ်နိုင်စရာ မရှိပါဘူး။” လို့ ဂီဘာတို ဆေးလ်ဗားက ပြောဆိုလိုက်ပါတယ်။

Exit mobile version