ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ နောက်ခံလူဟောင်း တဦး ဖြစ်သူ ကီရန်ဂစ်ဘ်က ယခု နွေဈေးကွက် အတွင်းမှာ အာဆင်နယ်ရဲ့ ပထမဦးဆုံး ခေါ်ယူမှု ဖြစ်ခဲ့တဲ့ ဂျာမဏီ ကစားသမား ဟားဗက်ဇ်ဟာ အာဆင်နယ် အတွက် အားကိုးရမယ့် ကစားသမား တဦး မဟုတ်ပဲ ယူရို ၇၀သန်းလောက် သုံးပြီး ဟားဗက်ဇ်ကို ခေါ်ယူခဲ့တာဟာ မှားယွင်းတဲ့ လုပ်ရပ် တခု ဖြစ်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

အာဆင်နယ်က ယခု နွေဈေးကွက် အတွင်းမှာ သူတို့ရဲ့ ပထမဦးဆုံး ခေါ်ယူမှု အဖြစ် မြို့ခံပြိုင်ဘက် ချယ်လ်ဆီးရဲ့ တိုက်စစ်ကစားသမား ကိုင် ဟားဗက်ဇ်ကို ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ခေါ်ယူခဲ့သလို ကိုင် ဟားဗက်ဇ်ကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: Gooner News

ကိုင် ဟားဗက်ဇ်က ချယ်လ်ဆီးမှာ အထောင်တိုက်စစ်မှူး အဖြစ် ကစားခဲ့ပေမယ့် အာဆင်နယ်နည်းပြ အာတီတာက ကိုင် ဟားဗက်ဇ်ကို ကွင်းလယ်မှာ သုံးစွဲဖို့ ရည်ရွယ်ထားပြီး အာဆင်နယ်နဲ့ နီးစပ်သူတွေက ဟားဗက်ဇ်ဟာ မကြာခင်မှာ အာဆင်နယ် ကနေ လေဗာကူဆင်ဆီ ပြောင်းရွှေ့တော့မယ့် ကွင်းလယ်လူ ချာကာရဲ့ နေရာကို အစားဝင်မယ့်သူ ဖြစ်ကြောင်း ပြောဆိုထားကြပါတယ်။

အာဆင်နယ်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ ကီရန်ဂစ်ဘ်ကတော့ ကိုင် ဟားဗက်ဇ်လို တိုက်စစ်မှူးလည်းမဟုတ် ၊ ကွင်းလယ်လူလည်း မဟုတ်တဲ့ ကစားသမားမျိုးကို ယူရို ၇၀သန်း ဝန်းကျင် အထိ သုံးကာ ခေါ်ယူခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ် ဝေဖန်လိုက်ပြီး အာဆင်နယ်ဟာ ဟားဗက်ဇ်အစား အသင်းကို ဦးဆောင်နိုင်မယ့် ကစားသမားကို ခေါ်ယူခဲ့သင့်ကြောင်း ဆိုလာပါတယ်။

Photo Credit: Sky Sports

ကီရန်ဂစ်ဘ်က – “ကျွန်တော်က ဟားဗက်ဇ်ကို သိပ်မသိပါဘူး။ အခုချိန်မှာ ကျွန်တော်က ဟားဗက်ဇ် တယောက် ဘာတွေ တွေးနေလဲ ဆိုတာကိုပဲ သိချင်ပါတယ်။ ဟားဗက်ဇ်က ပြီးခဲ့တဲ့ ၂နှစ်မှာ ခြေစွမ်းကောင်းကောင်း မပြနိုင်ခဲ့တာတောင် အာဆင်နယ်ဆီ ပြောင်းရွှေ့ကြေး အများကြီးနဲ့ ပြောင်းနိုင်ခဲ့လို့ ပျော်နေမှာလား။ ဒါမှမဟုတ် သူက ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ထိုက်တန်တဲ့ ကစားသမားလို့ တွေးပြီး အာဆင်နယ်ကို ဒီထက်ပိုမြင့်တဲ့ နေရာဆီ ပို့ပေးဖို့ ဆုံးဖြတ်ထားလား ဆိုတာကို သိချင်တာပါ။ ယူရို ၇၀သန်း သုံးခဲ့ရတဲ့ အပြောင်းအရွှေ့ တခုက အသင်းရဲ့ အဓိက ကစားသမား ခေါ်ယူမှုပါပဲ။ ယူရို ၇၀သန်းလောက် သုံးရပြီ ဆိုရင် ကျွန်တော်ကတော့ အသင်းကို ဦးဆောင်ပေးနိုင်မယ့် ကစားသမားကိုပဲ လိုချင်ပါတယ်။ အဲ့ဒီ ကစားသမားက အသင်းကို ထမ်းတင်ပေးနိုင်ရမယ် ၊ ပြီးတော့ အဆင်မပြေမှုတွေနဲ့ ကြုံရတဲ့ အခါမျိုးမှာ “မင်းတို့တွေ စိတ်မပူနဲ့ ၊ ငါ ရှိတယ်” ဆိုပြီး ပြောနိုင်တဲ့ ကစားသမားမျိုး ဖြစ်ရပါမယ်။ ကျွန်တော်က ဟားဗက်ဇ်ဟာ အဲ့ဒီလို ကစားသမားမျိုးလို့ မထင်ပါဘူး။ ဟားဗက်ဇ်က ချာကာရဲ့ နေရာကို အစားဝင်မယ့် ကစားသမားပါ။ အာတီတာက သူ့ကို အဲ့ဒီနေရာအတွက် ခေါ်ခဲ့တာလို့ပဲ ယုံကြည်ပါတယ်။ ကျွန်တော်က ဟားဗက်ဇ် တယောက် ကွင်းလယ်မှာ ကစားတာကို တခါမှ မမြင်ဖူးပါဘူး။ သူက ဗဟိုကွင်းလယ်မှာ ကစားဖို့ အတွက် လိုအပ်တဲ့ တောင့်တင်းကြံ့ခိုင်မှု ရှိလား ၊ ဟိုဘက်က ကစားသမားတွေ သူ့ကို ဖိအားပေးလာတဲ့ အချိန်မှာ ခန္ဓာကိုယ်ကို သုံးပြီး ဘောလုံးမဆုံးရှုံးအောင် လုပ်နိုင်လား ၊ သူက နေရာလွတ် ကျဉ်းကျဉ်းလေးတွေမှာ ဘောလုံးမဆုံးရှုံးအောင် ကစားနိုင်ရဲ့လား။ ကျွန်တော်တို့က ဒီအချက်တွေကို တခုမှ မသိရသေးပါဘူး” လို့ ပြောကြားကာ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်သွားခဲ့တာပါ။