ချယ်လ်ဆီးအသင်းရဲ့ legend player ကြီး ဂျီအန်ဖရန်ကိုဇိုလာက သူရဲ့အသင်းဟောင်းဟာ မနေ့ညက ဘရန့်ဖို့ဒ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်အတွင်း အမှတ်လျော့သွားခဲ့ရပေမယ့်လည်း ချယ်လ်ဆီးကို ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုအတွက် အပြိုင်အဆိုငါ ဖြစ်နေကြတဲ့ အသင်းစာရင်းထဲကနေ ဖယ်ထုတ်လိုက်လို့ မဖြစ်နိုင်သေးဘူးလို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Chelsea currently sit fourth in the Premier League after picking up a 0-0 draw at Brentford

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းဟာ ဒီရာသီအစမှာ ရလဒ်ပိုင်း မတည်ငြိမ်မှုတွေ ရှိခဲ့ရပေမယ့် နည်းပြသစ် ဂရေဟမ်ပေါ်တာလက်ထက်မှာတော့ အသင်းက ရလဒ်တွေ ပြန်လည် ကောင်းမွန်လာခဲ့ရပြီး ဘရန့်ဖို့ဒ်နဲ့ ဂိုးမရှိ သရေကျခဲ့တဲ့ ပွဲစဉ်အပါအဝင် ပေါ်တာ ကိုင်တွယ်ခဲ့တဲ့ (၇)ပွဲအတွင်း ရှုံးပွဲ လုံးဝမရှိသေးပဲ ချန်ပီယံလိဂ်မှာ အုပ်စုပထမနေရာ ရောက်ရှိနေသလို ပရီးမီးယားလိဂ်မှာလည်း အဆင့်(၄)နေရာကို ရပ်တည်လို့နေပါတယ်။ ဒီလို ရလဒ်ပိုင်း ကောင်းမွန်နေခြင်းအပြင် အသင်းက ကစားသမားအင်အားလည်း တောင့်တင်းတာဖြစ်လို့ ချယ်လ်ဆီးအနေနဲ့ ပြိုင်ပွဲတိုင်းလိုလိုမှာ ဆုဖလားတွေကို စိန်ခေါ်နိုင်စွမ်း ရှိနေတယ်လို့ ကစားသမားဟောင်းကြီး ဇိုလာက ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

Title race ထဲမှာ ချယ်လ်ဆီးအသင်း ဆက်လက် ရှိနေသေးကြောင်းကို ဇိုလာက “ဖြစ်နိုင်ပါသေးတယ်။ ချယ်လ်ဆီးက အရမ်းကောင်းတဲ့ အသင်းတစ်သင်း ကြီးမားတဲ့ လူအင်အားမျိုး ပိုင်ဆိုင်ထားတဲ့ အသင်းတစ်သင်းဖြစ်သလို ချန်ပီယံလိဂ်မှာရော အမှတ်ပေးလိဂ်မှာတောင် သူတို့တွေ ယှဉ်ပြိုင်နိုင်စွမ်း ရှိပါတယ်။ ချယ်လ်ဆီးလို အသင်းမျိုးကို အမှတ်ပေးချန်ပီယံဆု ပြေးလမ်းကနေ ခွဲထုတ်လို့ မရနိုင်ဘူးဆိုတာကို အရင်ကတည်းက ကျွန်တော် ပြောခဲ့ပါတယ်။ ကျွန်တော် ဆိုလိုတာက ထိပ်တန်းအသင်းတွေအတွက် ခက်ခဲတဲ့ပွဲတွေ အများကြီး ရှိနေတယ်။ ဒါပေမယ့် ချယ်လ်ဆီးကလည်း အမှတ်ပေးဖလားအတွက် စိန်ခေါ်နိုင်မယ့် အသင်းတွေထဲမှာတော့ ရှိနေမှာပါ။ သူတို့ရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ နောက်ထပ် ခြေလှမ်းသစ်တွေ လှမ်းရဦးမယ်ဆိုတာ သိသာထင်ရှားနေပေမယ့် သူတို့ကတော့ title race ထဲမှာတော့ ရှိနေဦးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ ချယ်လ်ဆီးက အမှတ်ပေးဇယားထိပ်နားကို ရောက်ရှိနေတဲ့ အသင်းဖြစ်လို့ ဘရန့်ဖို့ဒ်နဲ့ပွဲက သရေရလဒ်ဟာ ရလဒ်ကောင်းမဟုတ်ဘူးလို့ ပြောနိုင်ပေမယ့် ဘရန့်ဖို့ဒ်လို ခက်ခဲတဲ့ ပြိုင်ဘက်ကောင်းဆီကနေ တစ်မှတ် ရယူနိုင်ခဲ့တာက သိပ်မဆိုးလှဘူးလို့လည်း ဇိုလာက သုံးသပ်ပြောဆိုခဲ့ပါတယ်။