လာလီဂါအသင်း တသင်း ဖြစ်တဲ့ ဂီတာဖေးက ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် ကနေ သူတို့အသင်းဆီ တရာသီအငှားနဲ့ လာရောက် လူငယ် တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်ရဲ့ ခြေစွမ်းကို သဘောကျတာကြောင့် ဂရင်းဝုဒ်ကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် အင်္ဂလန်-ဂျမေကာ တိုက်စစ်မှူး မေဆန် ဂရင်းဝုဒ်က မန်ချက်စတာ ယူနိုက်တက်ရဲ့ အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ဘယ်ခြေ ၊ ညာခြေ နှစ်ဖက်စလုံးကို သုံးနိုင်သလို တိုက်စစ်နေရာစုံမှာလည်း ကစားနိုင်စွမ်း ရှိပါတယ်။

Photo Credit: Goal

မေဆန် ဂရင်းဝုဒ်က အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် ၂၀၂၁ခုနှစ် ကုန်ခါနီးမှာ အတူနေချစ်သူ ရော့ဘ်ဆန်နဲ့ ရန်ဖြစ်ရင်း ရော့ဘ်ဆန်အပေါ် လက်ပါမိခဲ့တာကြောင့် ၁နှစ်ကျော်ကြာ တရားရင်ဆိုင်ခဲ့ရပြီး တရားရုံးမှာ အပြစ်မရှိကြောင်း သက်သေပြနိုင်ခဲ့ပေမယ့် ယူနိုက်တက်ရဲ့ အမျိုးသမီးပရိသတ်တွေက မေဆန် ဂရင်းဝုဒ်ကို အသင်းမှာ မမြင်ချင်ကြောင်း ဆန္ဒပြခဲ့ကြတာကြောင့် ယူနိုက်တက်ဟာ ဂရင်းဝုဒ်ကို ဂီတာဖေးဆီ အငှားချခဲ့ရပါတယ်။

ဂရင်းဝုဒ်က ဂီတာဖေးဆီ ရောက်ရှိပြီးနောက် ဂီတာဖေးပရိသတ်တွေရဲ့ သောင်းသောင်းဖျဖျ ကြိုဆို အားပေးမှုကို ရရှိခဲ့သလို ဂီတာဖေး အတွက် တောက်လျှောက် ပွဲထွက် ကစားခွင့် ရနေပြီး ပြိုင်ပွဲစုံမှာ ၁၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဒါကြောင့်ပဲ ဂီတာဖေးရဲ့ တာဝန်ရှိသူတွေက အငှားစာချုပ် ကုန်ဆုံးချိန်မှာ မေဆန် ဂရင်းဝုဒ်ကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိနေကြသလို ဂရင်းဝုဒ်ဟာ လုပ်ခလစာ လျှော့ယူကာ သူတို့အသင်းဆီ ပြောင်းရွှေ့လာလိမ့်မယ်လို့လည်း ယုံကြည်နေကြပါတယ်။

ဂရင်းဝုဒ်ကို အပြီးသတ် ခေါ်ယူချင်ကြောင်းအား အမည်မဖော်လိုတဲ့ ဂီတာဖေးရဲ့ တာဝန်ရှိသူ တဦးက – “ဂီတာဖေးဟာ မေဆန် ဂရင်းဝုဒ်ကို အပြီးသတ် ခေါ်နိုင်ဖို့ အတွက် ယူနိုက်တက်နဲ့ ဆွေးနွေးနေပါတယ်။ ဂရင်းဝုဒ်က အသင်းဆီ လုပ်ခလစာ လျှော့ယူပြီး ပြောင်းလာမယ်လို့လည်း ယုံကြည်နေပါတယ်။ ဒါပေမယ့် ယူနိုက်တက်က ဂရင်းဝုဒ်ကို အပြီးသတ် ရောင်းချဖို့ထက် အငှားကာလကို သက်တမ်း တိုးပေးဖို့ပဲ ဖြစ်နိုင်ချေ များပါတယ်။ ဂရင်းဝုဒ်ကတော့ ဂီတာဖေးမှာ အရမ်းကို ပျော်နေပါတယ်။ သူက ဘဝသစ် တခုကိုလည်း ပျော်ပျော်ရွှင်ရွှင် တည်ဆောက်ထားနိုင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားထားပါတယ်။