နာမည်ကျော် ပရီးမီးယားလိဂ် အသင်းဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဂန္တဝင် နောက်ခံလူဟောင်း ဖြစ်တဲ့ ဂယ်ရီနဗီးလ် ကတော့ တစ်ချိန်က မန်ယူအသင်းရဲ့ သုံးဦးတွဲ တိုက်စစ်ဖြစ်တဲ့ ရိုနယ်ဒို ၊ တိဗက် ၊ ရွန်းနီတို့ အတွဲဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး သုံးဦးတွဲ တိုက်စစ်ဖြစ်တဲ့ မာနေး ၊ ဆာလက် ၊ ဖာမီနိုတို့ အတွဲထက် ပိုကောင်းတယ် လို့ ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။ မာနေး ၊ ဆာလက် ၊ ဖာမီနိုတို့အတွဲဟာ လက်ရှိ ပရီးမီးယားလိဂ် ရာသီမှာ ရှုံးပွဲတစ်ပွဲနဲ့ သရေပွဲတစ်ပွဲသာ ရှိထားတဲ့ လီဗာပူးအသင်းရဲ့ နာမည်ကျော် တိုက်စစ်အတွဲဖြစ်ပြီး လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်အသင်းအဖြစ် ဘောလုံးကျွမ်းကျင်သူတွေရဲ့ သတ်မှတ်ခြင်းကို ခံထားရတဲ့ တိုက်စစ်အတွဲပဲ ဖြစ်ပါတယ်။

Photo Credit: Metro.com

ရိုနယ်ဒို ၊ တိဗက်နဲ့ ရွန်းနီတို့ တိုက်စစ်အတွဲ ကတော့ ၂၀၀၈ခုနှစ်မှာ မန်ယူအသင်းက ချန်ပီယံလိဂ်ဆုဖလားကို ရရှိခဲ့တဲ့ အချိန်မှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်အတွဲ ဖြစ်ပြီး အဆိုပါအချိန်က မန်ယူအသင်းရဲ့ တိုက်စစ်ပိုင်းဟာ ဥရောပရဲ့ အကောင်းဆုံး တိုက်စစ်အတွဲတစ်ခု အဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ လက်ရှိမှာတော့ အဆိုပါ တိုက်စစ်အတွဲနှစ်ခုကို ခိုင်းနှိုင်းမှုတွေ ရှိနေပြီး မန်ယူအသင်းရဲ့ ပရိသတ်တွေက ရိုနယ်ဒို ၊ ရွန်းနီ ၊ တိဗက်အတွဲဟာ ပိုကောင်းတယ်လို့ ပြောနေကြသခို လီဗာပူးပရိသတ်တွေကလည်း မာနေး ၊ ဆာလက် ၊ ဖာမီနိုအတွဲဟာ ပိုကောင်းတယ်လို့ ချေပနေကြပါတယ်။ ဂယ်ရီနဗီးလ်ကတော့ ရွန်းနီ ၊ ရော်နယ်ဒို ၊ တိဗက်တို့ရဲ့ အတွဲဟာ မာနေး ၊ ဆာလက် ၊ ဖာမီနိုအတွဲထက် ပိုကောင်းတယ်လို့ သူ့ရဲ့အမြင်ကို ပြောပြသွားခဲ့ပါတယ်။

Photo Credit: Metro.com

သူ့ရဲ့အမြင်နဲ့ ပတ်သတ်ပြီး ဂယ်ရီနဗီးလ်က ” ကျွန်တော့်အတွက် အကောင်းဆုံး တိုက်စစ် အတွဲကတော့ ရိုနယ်ဒို ၊ တိဗက်နဲ့ ရွန်းနီပါပဲ။ ခင်ဗျားက မာနေး ၊ ဆာလက် ၊ ဖာမီနိုတို့ရဲ့ အကြောင်းကို ပြောလို့ ရပါတယ်။ ကျွန်တော် က သူတို့တိုက်စစ် အတွဲကိုလည်း သဘောကျမိပါတယ်။ ပြီးတော့ စီးတီးမှာဆိုရင် စတာလင်း ၊ အဂူရို ၊ ဆာနေးပေါ့။ ဒါပေမယ့် ရိုနယ်ဒို ၊ ရွန်းနီ ၊ တိဗက်တို့ရဲ့ အကောင်းဆုံးအချိန်တွေကို ခင်ဗျား ပြန်ကြည့်လိုက်မယ်ဆိုရင် သူတို့ အတွဲအဖက်ဟာ အတော်လေး ကောင်းခဲ့တာကို မြင်တွေ့ရလိမ့်မယ်။ သူတို့ဟာ တစ်ဦးချင်း အရည်အသွေးနဲ့ ပြည့်စုံကြသလို နားလည်မှု အပိုင်းမှာလည်း အတော် အားကောင်းခဲ့ကြတာပါ ” လို့ ပြောဆိုခဲ့ပါတယ်။