MySport Myanmar

ကော်တင်ဟိုကို ဗီလာအသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားချင်နေတဲ့ စတီဗင်ဂျရတ်

အက်စတွန်ဗီလာအသင်းရဲ့နည်းပြ စတီဗင်ဂျရတ်က အသင်းကို ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့စျေးကွက်အတွင်း ဘာစီလိုနာအသင်းကနေ ရာသီဝက် အငှားနဲ့ ရောက်ရှိလာခဲ့တဲ့ သူရဲ့အသင်းဖော်ဟောင်း ဖီလစ်ပီကော်တင်ဟိုကို ဗီလာအသင်းမှာသာ ဆက်လက်ထိန်းသိမ်းထားချင်နေပြီး အငှားစာချုပ် ပြည့်မြောက်သွားခဲ့ရင် စာချုပ်ပါ အချက်အလက်တိုင်း အပြီးသတ် ခေါ်ယူသွားဖို့ ပြင်ဆင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : The Independent

အသက်(၂၉)နှစ်အရွှယ်ရှိ ဘရာဇီးလ်လက်ရွေးစင် ကွင်းလယ်တိုက်စစ်ကစားသမား ကော်တင်ဟိုဟာ သူရဲ့အသင်းဟောင်း လီဗာပူးလ်မှာ တွဲဖက်ကစားခဲ့ဖူးတဲ့ ဂျရတ်နဲ့ ဗီလာအသင်းမှာ အတူပြန်လည်လက်တွဲခဲ့တာဖြစ်ပြီး အသင်းအတွက်ကိုလည်း (၇)ပွဲ ပါဝင်ကစားခဲ့သလို သွင်းဂိုး(၃)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အင်တာမီလန် လီဗာပူးလ် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်အသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းမှာ ပွဲကစားခွင့်တွေ အကန့်အသတ်နဲ့သာ ကစားနေရတာကြောင့် နောက်ဆုံးမှာ အသင်းကနေ အငှားနဲ့ ထွက်ခွာလာပြီး ဂျရတ်ရဲ့ ဗီလာအသင်းဆီကို ရာသီဝက်အငှား+ ယူရိုသန်း(၄၀)နဲ့ အပြီးသတ် ခေါ်ယူနိုင်ခွင့်တို့နဲ့ ပြောင်းရွှေ့လာခဲ့ရပါတယ်။

Photo Credit : Twitter

လက်ရှိမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လည်ခြေချဖြစ်ခဲ့တဲ့ ကော်တင်ဟိုဟာ ဗီလာမှာ အခြေတကျ ဖြစ်လာခဲ့တာကြောင့် သူ့ကို ဂျရတ်က အသင်းမှာသာ ဆက်လက်ထားရှိလိုနေပြီး ဘာစီလိုနာကနေ အငှားခေါ်ယူခဲ့တုန်းက ထည့်သွင်းထားခဲ့တဲ့ သဘောတူညီမှုအတိုင်း ယူရိုသန်း(၄၀)နဲ့ ကမ်းလှမ်းသွားဖို့ အသင့်ဖြစ်နေပါတယ်။ ဗီလာအသင်းရဲ့ ဘုတ်အဖွဲ့ဝင်တွေကတော့ ကော်တင်ဟိုကို အပြီးသတ် ခေါ်ယူဖို့ မေလအထိ ဆက်လက်စောင့်ကြည့်သွားဖို့ ရှိနေပေမယ့်လည်း ကော်တင်ဟိုကို အသင်းမှာ ဆက်လက်ရှိနေချင်ကြတာကြောင့် အရခေါ်ယူဖို့ ဘာစီလိုနာအသင်းနဲ့ ညှိနှိုင်းဖွယ် ရှိနေပါတယ်။ ဘာစီလိုနာအသင်းကလည်း ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ အသင်းက ကစားသမားကောင်းတွေ ဆက်လက်ထိန်းသိမ်းနိုင်ဖို့နဲ့ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်ဖို့အတွက် ကော်တင်ဟိုကို ရောင်းထုတ်သွားချင်နေပြီး ဗီလာအသင်းရဲ့ ဆုံးဖြတ်ချက်ကိုလည်း စောင့်ဆိုင်းလျက် ရှိနေတယ်လို့ ဘောလုံးအပြောင်းအရွှေ့သတင်း ဂုရုကြီး ဖာဘရီဇီယိုရိုမာနိုက ဖော်ပြသွားခဲ့ပါတယ်။

Exit mobile version