MySport Myanmar

ဟန်ဒါဆန်ကို ခေါ်ယူပြီး ဒမ်ဘီလီကိုပါ ထပ် ခေါ်သွားမယ့် ဂျရတ်

ဆော်ဒီပရိုလိဂ် ကလပ် အယ်လ်အယ်တီဖက်အသင်းကို ကိုင်တွယ်နေတဲ့ လီဗာပူးလ် legend ကြီး စတီဗင် ဂျရတ်က သူ့အသင်းဖော်ဟောင်း ဂျော်ဒန် ဟန်ဒါဆန်ကို ခေါ်ယူသွားဖို့ အခြေအနေ ကောင်းနေချိန်မှာ လိုင်ယွန် တိုက်စစ် ကစားသမား မူဆာ ဒမ်ဘီလီကိုလည်း ချဉ်းကပ်မှုတွေ လုပ်ဆောင်နေပြီလို့ သိရှိရပါတယ်။

Photo Credit : SPORTbible

ရိန်းဂျားစ် ဗီလာအသင်းတို့ရဲ့ နည်းပြဟောင်း ဂျရတ်က မကြာသေးခင်ကပဲ အယ်လ်အယ်တီဟတ်အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်ခံရပြီးနောက် သူ့အသင်းဆီကို ဥရောပ ကစားသမားကောင်းတွေကို ခေါ်ယူ ဖြည့်တင်းချင်လာခဲ့ပါတယ်။ လက်ရှိမှာတော့ ဂျရတ်က လီဗာပူးလ်မှာ သူနဲ့အတူ တွဲဖက် ကစားခဲ့ဖူးသူ ဟန်ဒါဆန်ကို ခေါ်ယူသွားဖို့ ဟန်ဒါဆန်ဘက်က သဘောတူညီခဲ့တဲ့အတွက် ပြောင်းရွှေ့ကြေးအတွက်ကိုသာ ဆက်လက် ညှိနှိုင်းသွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit : Get French Football News

ဒီအချိန်မှာ လိုင်ယွန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးပြီး အသင်းလက်မဲ့ ကစားသမား ဖြစ်နေရသူ ပြင်သစ် တိုက်စစ်မှူး ဒမ်ဘီလီကိုလည်း ဂျရတ်က သူရဲ့ အယ်လ်အယ်တီဖက်အသင်းဆီ ခေါ်ဆောင်ချင်လာခဲ့ပြန်ပါတယ်။ ပြောင်းရွှေ့ကြေး အသုံးပြုစရာ မလိုအပ်ပဲ ခေါ်ယူနိုင်မှာဖြစ်လို့ ဒမ်ဘီလီအတွက် သူ ငြင်းလို့မရနိုင်လောက်တဲ့ လုပ်ခလစာမျိုးနဲ့သာ ကမ်းလှမ်းသွားဖို့ လိုအပ်နေပါလိမ့်မယ်။ လက်ရှိမှာတော့ အယ်လ်အယ်တီဖက်အသင်းက ဒမ်ဘီလီရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆက်သွယ်မှုတွေ လုပ်ဆောင်ထားပြီး ခေါ်ယူနိုင်ဖို့ အလားအလာ ကောင်းနေတယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

အသက် (၂၇)နှစ်အရွယ်သာ ရှိနေသေးတဲ့ ဒမ်ဘီလီဟာ ဖူလ်ဟမ်အသင်းမှာ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တာဖြစ်ပြီး ဆဲလ်တစ် အသက်လက်တီကိုနဲ့ လိုင်ယွန်တို့မှာလည်း ပါဝင် ကစားခဲ့ပါတယ်။ လက်ရှိအချိန်ထိတော့ ပြင်သစ် လက်ရွေးစင်အသင်းအတွက် ရွေးချယ်မခံရသေးပဲ ပြင်သစ် ယူ-၂၁အတွက်သာ ကစားထားခဲ့ပါတယ်။

Exit mobile version