ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ ဂန္တဝင် ကစားသမား ဖြစ်သလို လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ကလပ် ဗီလာအသင်းကို ကိုင်တွယ်နေတဲ့ ဂျာရတ်ကတော့ သူဟာ ဗီလာအသင်းရဲ့ နည်းပြအနေနဲ့ အန်ဖီးလ်ကွင်းဆီ ချီတက်တဲ့ အချိန်မှာ အနိုင်ရလဒ် ရရှိအောင် ကြိုးပမ်းသွားမယ် လို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။

အင်္ဂလန်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ စတီဗင် ဂျာရတ်ဟာ သူ့ရဲ့ နည်းပြဘဝကို စကော့တလန်ကလပ် ရိန်းဂျားအသင်းနဲ့ အတူ စတင်ခဲ့တာ ဖြစ်ပြီး ရိန်းဂျားအသင်းကို ၃ရာသီကြာ ကိုင်တွယ်ခဲ့ရာမှာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ပြည်တွင်းလိဂ်ဖလားကို ရှုံးပွဲမရှိစံချိန်နဲ့လည်း အရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ အလယ်အလတ်အသင်း တသင်း ဖြစ်တဲ့ ဗီလာအသင်းဟာ ဂျာရတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပြီး ဂျာရတ်ကလည်း တချိန်မှာ လီဗာပူးအသင်းကို ကိုင်တွယ်မယ် ဆိုတဲ့ သူ့ရဲ့ ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်အောင် ပရီးမီးယားလိဂ်ဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ဂျာရတ်ဟာ ယခုတပတ်မှာတော့ သူ့ရဲ့ ဗီလာနည်းပြဘဝ ပထမဦးဆုံး ပွဲစဉ် အဖြစ် ဗီလာနဲ့ ဘရိုက်တန်တို့ရဲ့ ပွဲစဉ်ကို ကိုင်တွယ်သွားမှာ ဖြစ်ပြီး ဘရိုက်တန်အသင်းဟာ လတ်တလောမှာ ခြေစွမ်းကောင်းတွေ ရရှိထားတဲ့ အသင်း ဖြစ်တာကြောင့် ဂျာရတ်အတွက် ခက်ခဲတဲ့ စမ်းသပ်မှု တခု ဖြစ်လာမှာ အသေအချာပါပဲ။

Photo Credit: Express

ဒီဇင်ဘာလ ၁၁ရက်နေ့မှာတော့ ဂျာရတ်က သူ့ရဲ့ အသင်းဟောင်း ဖြစ်တဲ့ လီဗာပူးအသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပြီး ဂျာရတ်ဟာ သူ့ရဲ့ ကစားသမားဘဝမှာ လီဗာပူးအသင်းကို ပြိုင်ဘက် အဖြစ် ရင်ဆိုင်ဖူးခြင်း မရှိတာကြောင့် ယခုတကြိမ်မှာ ဗီလာအသင်းရဲ့ နည်းပြ အဖြစ် သွားရောက် ရင်ဆိုင်ရမယ့် ပွဲစဉ်ဟာ သူ့ရဲ့ဘဝမှာ ပထမဦးဆုံး အကြိမ် အဖြစ် လီဗာပူးအသင်းကို ပြိုင်ဘက် အဖြစ် ရင်ဆိုင်ရမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။

ဂျာရတ်ကတော့ လီဗာပူးအသင်းနဲ့ ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ အနိုင်ရလဒ် ရရှိဖို့သာ အာရုံစိုက်ထားကြောင်း သူ့ရဲ့ ဗီလာနည်းပြဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ ဂျာရတ်က – “ကျွန်တော် အပါအဝင် ဘယ်သူကမှ ကောလဟာလ သတင်းတွေကို တားဆီးနိုင်မယ်လို့ မထင်ပါဘူး။ ကျွန်တော့် အတွက် ကောလဟာလ သတင်းတွေက အရေးမကြီးပါဘူး။ အရေးကြီးတာ ကတော့ လီဗာပူးအသင်းကို အန်ဖီးလ်ကွင်းမှာ သွားရောက် ရင်ဆိုင်ရမယ့် ပွဲစဉ်ပါ။ အဲ့ဒီပွဲမှာ ကျွန်တော်တို့တွေ နိုင်ပွဲရအောင်နဲ့ ရမှတ် ၃မှတ် စုဆောင်းနိုင်အောင် ကြိုးစားသွားပါမယ်။ ပြီးတော့ မှန်ကန်တဲ့ ကစားပုံ ၊ မှန်ကန်တဲ့ စိတ်ထားတခုနဲ့ ပွဲတိုင်းကို အနိုင်ယူဖို့ ကြိုးစားပါမယ်။ ဒါက ကျွန်တော် လိုချင်တဲ့ အရာပါ။ ကျွန်တော်က ကစားတဲ့ ပွဲတိုင်းကို အနိုင်ရချင်သူပါ” လို့ ကြုံးဝါး ပြောဆိုခဲ့တာပါ။