ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာကို တာဝန်ယူ ကိုင်တွယ်နေတဲ့ စတီဗင် ဂျာရတ်ကတော့ သူဟာ သူ့ရဲ့ အသင်းဟောင်း လီဗာပူးက ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်အောင် ပရီးမီးယားလိဂ် နောက်ဆုံးပွဲစဉ်မှာ လီဗာပူးရဲ့ ပြိုင်ဘက် မန်ချက်စတာ စီးတီးကို အနိုင်ယူဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ လီဗာပူးပရိသတ်တွေကို ကတိပေးသွားပါတယ်။

မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ဟာ ယခုနှစ် ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ ပြီးဆုံးဖို့ ၁ပွဲသာ လိုအပ်တော့ချိန်မှာ နှစ်သင်းကြား ရမှတ်ကွာဟချက်က ၁မှတ်သာ ရှိနေပါတယ်။

Photo Credit: Daily Mail

ဒါကြောင့်ပဲ နှစ်သင်းစလုံးက ပရီးမီးယားလိဂ် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မယ့် အခွင့်အရေးတွေ ကိုယ်စီ ပိုင်ဆိုင်ထားကြပြီး ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးက လီဗာပူးထက် ရမှတ် ၁မှတ် အသာရနေတာကြောင့် နောက်ဆုံးပွဲစဉ်မှာသာ မန်ချက်စတာ စီးတီးက ပြိုင်ဘက် ဗီလာကို အမှားအယွင်း မရှိ အနိုင်ရခဲ့ရင် သူတို့က လီဗာပူးပွဲရဲ့ ရလဒ်ကို ကြည့်စရာ မလိုပဲ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မှာပါ။

ဒါပေမယ့် မန်ချက်စတာ စီးတီးက ပရီးမီးယားလိဂ် ပွဲစဉ်(၃၈)မှာ လီဗာပူးဂန္တဝင် ကွင်းလယ်လူ ဂျာရတ် ကိုင်တွယ်နေတဲ့ အက်စ်တွန်ဗီလာနဲ့ ထိပ်တိုက် ရင်ဆိုင်ရဖို့ ရှိနေတာကြောင့် လီဗာပူးပရိသတ် အများစုက ဂျာရတ်ရဲ့ ဗီလာဟာ မန်ချက်စတာ စီးတီးကို ဒုက္ခပေးနိုင်မယ်လို့ ယုံကြည်နေကြပြီး ဂျာရတ်ကလည်း သူက လီဗာပူးအတွက် မန်ချက်စတာ စီးတီးကို အနိုင်ယူနိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Daily Mail

ဂျာရတ်က – “လီဗာပူးက မန်ချက်စတာ စီးတီးနဲ့ ချန်ပီယံလုပွဲကို ဆင်နွှဲနေရသလို ကျွန်တော်ကလည်း လီဗာပူးမှာ အချိန်တွေ အများကြီး ရှိခဲ့ဖူးသူပါ။ ဒါပေမယ့် ကျွန်တော်ရယ် အက်စ်တွန်ဗီလာရယ် ကျွန်တော့်ရဲ့ ကစားသမားတွေ အပေါ် အပိုဖိအားတွေ အများကြီး ပေးတာမျိုးကိုတော့ သဘောမကျပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ အားလုံးက ဒီသီတင်းပတ် အကုန်မှာ အက်စ်တွန်ဗီလာ ပရိသတ်တွေ အတွက် ရမှတ်တွေ စုဆောင်းနိုင်အောင် အစွမ်းကုန် ကြိုးစားသွားပါမယ်။ တကယ်လို့ ကျွန်တော်တို့ကသာ မန်ချက်စတာ စီးတီးဆီ ကနေ ရမှတ်တွေ လုယူနိုင်ခဲ့ရင် ဒါက လီဗာပူးကိုလည်း ကူညီရာ ရောက်လို့ ကျွန်တော့်အတွက် ကျေနပ်စရာ နေ့ရက် တရက် ဖြစ်သွားပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။