လီဗာပူးဂန္ထဝင် ကစားသမား စတီဗင် ဂျရတ်က သူ့ရဲ့ အသင်းဟောင်း လီဗာပူးကို လေဗာကူဆင် ကြယ်ပွင့်လေး ဖလော်ရီယန် ဗက်ဇ်ကို ဒီနွေရာသီမှာ ခေါ်ယူနိုင်ဖို့ လိုအပ်တဲ့ အရာအားလုံးကို လုပ်ဆောင်ဖို့ တိုက်တွန်းလိုက်ပါတယ်။ လီဗာပူးဟာ ဗက်ဇ်ကို ခေါ်ယူဖို့ အပြင်းအထန် ကြိုးပမ်းနေပေမယ့် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။
ဂျာမန်ကြယ်ပွင့် ဗက်ဇ်ဟာ မကြာသေးမီ ရာသီများအတွင်း ဘွန်ဒက်စ်လီဂါမှာ ပြောင်မြောက်တဲ့ ခြေစွမ်းပြသထားတာကြောင့် ဥရောပရဲ့ အတောက်ပဆုံး ကစားသမားတွေထဲက တစ်ဦး ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက လေဗာကူဆင်ကို ဘွန်ဒက်စ်လီဂါဖလား ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်အောင် ဂျာမန်ဖလား ရရှိအောင်နဲ့ ယူရိုပါလိဂ် ဖိုင်နယ်အထိ တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ပြီး ပြိုင်ပွဲစုံ (၁၆)ဂိုး သွင်းယူကာ (၁၃)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ယခုရာသီမှာလည်း သူက အသင်းကို ဂျာမန်လိဂ်မှာ ဒုတိယနေရာ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။
Photo Credit : Liverpool Echo
အခုဆိုရင် လီဗာပူးအသင်းဟာ အသက်(၂၂)နှစ်အရွယ် ဖလော်ရီယန် ဗက်ဇ်ကို ခေါ်ယူဖို့ အလေးထား ကြိုးပမ်းနေပြီး နည်းပြ အာနေး စလော့က ကစားသမားနဲ့ ဆွေးနွေးပြီး အန်ဖီးလ်က သူ့ရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အကောင်းဆုံး နေရာဖြစ်ကြောင်း ယှဉ်ပြိုင်ဘက် ဘိုင်ယန်မြူးနစ်ထက် အရင် စည်းရုံးနိုင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းဟာ ဗက်ဇ်အတွက် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရရှိဖို့ လိုအပ်နေပြီး ဂျာမန်ကလပ်က ပေါင်(၁၂၅)သန်း ဝန်းကျင် တောင်းဆိုနေပါတယ်။ လီဗာပူးဟာ ပထမအကြိမ် ပေါင်(၈၄)သန်းနဲ့ အပိုဆုကြေး ပေါင်(၁၂.၆)သန်း ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ အဲဒီနောက် ဒုတိယအကြိမ်မှာ ပေါင်(၁၀၉.၆)သန်းအထိ ကမ်းလှမ်းခဲ့ပေမယ့် Kicker သတင်းအရ နှစ်ခုလုံး ပယ်ချခံခဲ့ရတယ်လို့ သိရပါတယ်။
Photo Credit : The Mirror
အခုတော့ ဂျရတ်က ဗက်ဇ်ကို ကြီးမားတဲ့ အရည်အချင်းရှိသူနဲ့ အနာဂတ် ကောင်းတွေ ပိုင်ဆိုင်ထားသူလို့ ချီးကျူးပြီး လီဗာပူးကို ဖြစ်မြောက်အောင် လုပ်ပါလို့ တိုက်တွန်းလိုက်ပါတယ်။ TNT Sports နဲ့ ပြောကြားရာမှာ သူက “သတင်းတွေ ထွက်နေတာကတော့ ဖလော်ရီယန် ဗက်ဇ်ပါ။ ဇာဘီ အလွန်ဆိုရဲ့ လေဗာကူဆင်မှာ ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ပြသခဲ့တဲ့ ကြီးမားတဲ့ အရည်အချင်းရှိသူပါ။ သူ့မှာ ကြီးမားတဲ့ အနာဂတ်ရှိပါတယ်၊ ဒါကြောင့် လီဗာပူးဟာ သူ့အတွက် နေရာမှန် ဖြစ်တယ်ဆိုရင် ဖြစ်မြောက်အောင် လုပ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။” လို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးအသင်းဟာ ထရန့် အလက်ဆန်းဒါး အာနိုးရဲ့ နေရာမှာ ညာနောက်ခံလူ ဂျယ်ရမီ ဖရင်ပေါင်ကို ခေါ်ယူပြီးနောက် ဘယ်နောက်ခံလူ မီလိုစ် ကာကက်ဇ်ကိုလည်း ဘုန်းမောက်ကနေ ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။ ဂယ်ရီ နဗီးလ်ကလည်း လီဗာပူးရဲ့ ဗက်ဇ်ကို ခေါ်ယူဖို့ ကြိုးပမ်းမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ထင်မြင်ချက်ကို ပြောကြားခဲ့ပါတယ်။ ဗက်ဇ်နဲ့ ကာကက်ဇ်ကို ခေါ်ယူနိုင်ရင် လီဗာပူးဟာ ချန်ပီယံဆုကို ဆက်ထိန်းထားဖို့ အခွင့်အရေး အများကြီးရှိမယ်လို့ နဗီးလ်က ဆိုပါတယ်။