ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည် အသင်းတွေထဲက တသင်း ဖြစ်တဲ့ အက်စ်တွန်ဗီလာအသင်းရဲ့ နည်းပြဖြစ်သူ စတီဗင် ဂျာရတ် ကတော့ ယခု ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သူ ကော်တင်ဟိုကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးစားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေနဲ့ အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

ဂျာရတ်ဟာ ရိန်းဂျားအသင်း ကနေ အက်စ်တွန်ဗီလာ အသင်းဆီ ပြောင်းရွှေ့လာခဲ့ပြီးနောက် အက်စ်တွန်ဗီလာ အသင်းကို ဥရောပပြိုင်ပွဲတွေဆီ ပို့ဆောင်ပေးဖို့ ရည်မှန်းချက် ရှိသူ ဖြစ်ပြီး ဇန်နဝါရီလ အပြောင်းအရွှေ့မှာလည်း ထိပ်တန်းအဆင့် ကွင်းလယ်တိုက်စစ် ကစားသမား တဦးကို ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

Photo Credit: Mirror

တဖက်မှာတော့ အသက် ၂၉နှစ် အရွယ် ဘရာဇီးလ် ကွင်းလယ်တိုက်စစ် ကစားသမား ကော်တင်ဟိုဟာ တချိန်က ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်တိုက်စစ် ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သူ ဖြစ်ပေမယ့် စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ပြီးနောက် ပုံမှန်ခြေစွမ်း ပြသဖို့တောင် ရုန်းကန်နေရပါတယ်။

ဒါကြောင့်ပဲ ကော်တင်ဟိုဟာ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အသင်းနဲ့ အတူ ပါဝင် ယှဉ်ပြိုင်ခွင့် ရဖို့ အတွက် သူ့ရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်ခဲ့သူ စတီဗင် ဂျာရတ် ရှိရာ အက်စ်တွန်ဗီလာ အသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ စိတ်ဝင်စားနေတာပါ။

Photo Credit: Mirror

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ အက်စ်တွန်ဗီလာ အသင်းဟာ ဂျာရတ်ရဲ့ တောင်းဆိုချက်အရ ကော်တင်ဟိုကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို့ ဘာစီလိုနာ အသင်းဆီ ကမ်းလှမ်းမှု ပြုလုပ်ထားပြီး ကော်တင်ဟိုကလည်း ဗီလာအသင်းဆီ ပြောင်းရွှေ့ ကစားဖို့ ခေါင်းညိတ်ခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ကော်တင်ဟိုကို ခေါ်ယူဖို့ အတွက် ပရီးမီးယားလိဂ် နာမည်ကြီးအသင်းတွေ ဖြစ်တဲ့ အာဆင်နယ် ၊ စပါး စတဲ့ အသင်းတွေ ကြိုးစားနေကြပေမယ့် ဂျာရတ်က ကော်တင်ဟိုဆီ နေ့စဉ်နေ့တိုင်း ကိုယ်တိုင် ဖုန်းဆက်နေတာကြောင့် ကော်တင်ဟိုက ဗီလာအသင်းဆီ ပြောင်းရွှေ့ဖို့သာ စိတ်ဝင်စားနေကြောင်း ကတ်တလန်တာ အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။