မကြာသေးခင်ကမှ ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်အစ်တီဖာအသင်းနဲ့ လက်တွဲဖြုတ်ခဲ့တဲ့ နည်းပြ စတီဗင် ဂျရတ်ဟာ လက်ရှိမှာတော့ ကလပ်အသင်းသစ် တစ်သင်းကို ကိုင်တွယ်သွားရဖို့ အခွင့်အရေးတွေ ရှိနေပြီး နည်းပြအလုပ်ကို အလျင်အမြန် ပြန်လည် လုပ်ကိုင်သွားရဖို့လည်း ရှိနေပါတယ်။

လီဗာပူးလ်အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း အသင်းခေါင်းဆောင်ဟောင်းဖြစ်တဲ့ ဂျရတ်ဟာ ကစားသမားဘဝကနေ အနားယူပြီးချိန်မှာ စကော့တလန်ကလပ် ရိန်းဂျားစ်အသင်းနဲ့ ပရီးမီးယားလိဂ်ကလပ် အက်စတွန် ဗီလာတို့ကို ကိုင်တွယ်ခဲ့ပြီး ၂၀၂၃မှာပဲ ဆော်ဒီကလပ် အယ်လ်အစ်တီဖာကို ကိုင်တွယ်ခဲ့ပါတယ်။

Photo Credit : Goal

ဂျရတ်ဟာ ရိန်းဂျားစ်မှာတုန်းက စကော့တလန် အမှတ်ပေးဖလား ရယူပေးနိုင်ခဲ့သလို ၂၀၂၀-၂၁ ရာသီအတွင်းမှာလည်း စကောတလန်လိဂ်ရဲ့ အကောင်းဆုံးနည်းပြဆုတွေအထိပါ သိမ်းပိုက်ရယူနိုင်ခဲ့ပေမယ့် ဗီလာမှာတော့ ထုတ်ပယ်ခံခဲ့ရတဲ့အထိ အခြေအနေဆိုးခဲ့ရသလို အယ်လ်အစ်တီဖာမှာလည်း (၂)နှစ်ပြည့်ခါနီးမှာပဲ လမ်းခွဲခဲ့ရပါတယ်။

အခုတော့ ကလပ်အသင်းလက်မဲ့ ဖြစ်သွားတဲ့ ဂျရတ်ကို အင်္ဂလန် လိဂ်တူးအမှတ်ပေးပြိုင်ပွဲမှာ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ ကားလ်လိုင်း ယူနိုက်တက်အသင်းက သူတို့ရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်သွားချင်နေပါတယ်။ ကားလ်လိုင်းအသင်းဟာ ဒီရာသီထဲမှာ နည်းပြ(၃)ဦးအထိတောင် အပြောင်းအလဲ လုပ်ထားရတဲ့ ကလပ်အသင်းလည်း ဖြစ်ပါတယ်။

Photo Credit : ESPN

လိဂ်တူးအမှတ်ပေးဇယားရဲ့ အောက်ခြေမှာ ရောက်ရှိနေတဲ့ ကားလိုင်းအသင်းကို နည်းပြဂျရတ်က ကယ်တင်ပေးနိုင်လိမ့်မယ်လို့ အသင်းပိုင်ရှင်တွေက ယုံကြည်နေတဲ့အတွက် ချဉ်းကပ်မှုတွေ စတင် လုပ်ဆောင်လာခဲ့ပါတယ်။ ဂျရတ်ကို ဆော်ဒီဘက်ကလည်း ဆော်ဒီအာရေးဘီးယားမှာ ဘောလုံးဖွံ့ဖြိုးရေး အခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ကမ်းလှမ်းမှု ပြုလုပ်ထားတာကြောင့် ဂျရတ်အတွက် ဒီနှစ်ခုကို ရွေးချယ်ရနိုင်ပါတယ်။

ဂျရတ်က သူ့နည်းပြသက်တမ်းမှာ ကားလ်လိုင်းအသင်းလိုမျိုး အခြေအနေ တအားဆိုးနေတဲ့ အသင်းတစ်သင်းကို မကိုင်တွယ်ခဲ့ဖူးသေးတာကြောင့် ဒီအသင်းရဲ့ နည်းပြရာထူးကိုသာ လက်ခံလိုက်မယ်ဆိုရင်တော့ ဂျရတ်အတွက် စိန်ခေါ်မှုတွေက လုံးဝကို ပြည့်နက်နေမှာ အသေအချာပါပဲ။