အင်္ဂလန် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ စတီဗင် ဂျာရတ်က သူ့ရဲ့ သားဖြစ်သူ လီယိုဟာ သူ့ထက် လက်ရှိ လီဗာပူးရဲ့ ကြယ်ပွင့် တိုက်စစ်မှူး မိုဟာမက် ဆာလာကို ပိုချစ်နေကြောင်း ဆာလာနဲ့ တွေ့ဆုံချိန်မှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

လီဗာပူးနဲ့ အင်္ဂလန်တို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ စတီဗင် ဂျာရတ်က ကစားသမားဘဝ ကနေ အနားယူပြီးနောက် နည်းပြလောကထဲကို ဝင်ရောက်ခဲ့သူ ဖြစ်ပြီး သူက ရိန်းဂျား ၊ အက်စ်တွန်ဗီလာ စတဲ့ အသင်းတွေကို ကိုင်တွယ်ခဲ့ဖူးကာ လက်ရှိမှာတော့ အသင်းလက်မဲ့ နည်းပြတဦး ဖြစ်နေပါတယ်။

Photo Credit: Goal

တဖက်မှာတော့ အသက် ၃၀ အရွယ် အီဂျစ်လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး မိုဟာမက် ဆာလာက ရိုးမားကနေ လီဗာပူးထံ ရောက်ရှိလာပြီးနောက် အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ပြီး သူက လီဗာပူးရဲ့ ထာဝရ ဂိုးသွင်းအများဆုံး ကစားသမား စာရင်းထဲမှာလည်း ပါဝင်နေသူပါ။

မိုဟာမက် ဆာလာက လီဗာပူးထံ ရောက်ရှိလာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၂၉၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၇၈ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၇၄ကြိမ် ရရှိထားကာ အသင်းနဲ့အတူ ချန်ပီယံလိဂ် ၊ ပရီးမီးယားလိဂ် ၊ ကာရာဘောင်း ၊ အက်ဖ်အေ ၊ ကမ္ဘာ့ကလပ်ဖလား ၊ ဥရောပ စူပါဖလား ၊ ကွန်မြူနတီဒိုင်း စတဲ့ ဆုဖလားတွေ ရရှိခဲ့ပါတယ်။

Photo Credit: Goal

မိုဟာမက် ဆာလာက လီဗာပူးရဲ့ ယနေ့ခေတ် အောင်မြင်မှုတွေထဲမှာ အရေးပါတဲ့ ကစားသမား တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့်ပဲ လီဗာပူးပရိသတ်တွေရဲ့ အချစ်တော် ကစားသမား တဦး ဖြစ်လာခဲ့ပြီး စတီဗင် ဂျာရတ်ကတော့ သူ့ရဲ့သားဖြစ်သူ လီယိုဟာ ဆာလာကို သူ့ထက်တောင် ချစ်ပါသေးတယ်လို့ ဆိုလာပါတယ်။

စတီဗင် ဂျာရတ်က – “ငါရဲ့ စိတ်ကြိုက် ကစားသမားက မင်းပဲ။ ပြီးတော့ မင်းကပဲ ငါ့ရဲ့ စိတ်ကြိုက် ကစားသမား ဖြစ်နိုင်ပါတယ်။ လီယိုကလည်း မင်းကို ချစ်တယ်။ သူက မင်းကို ငါ့ထက်တောင် ချစ်သေးတယ်။ သူ့မှာ ငါ့ထက် ပိုချစ်ရတဲ့ လူဆိုလို့ မင်းပဲ ရှိတာဟေ့” လို့ ဆာလာကို ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။