ပရီးမီးယားလိဂ်ရဲ့ သမိုင်းတလျှောက် အကောင်းဆုံး ကွင်းလယ်လူတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသလို လက်ရှိမှာ ဗီလာနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ စတီဗင် ဂျာရတ် ကတော့ သူ့ရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း တဦး ဖြစ်သလို ချန်ပီယံရှစ်ကလပ် ဒါဘီရဲ့ နည်းပြလည်း ဖြစ်တဲ့ ဝိန်းရွန်းနီက ထူးချွန်တဲ့ နည်းပြကောင်း တဦး ဖြစ်ကြောင်း ထုတ်ဖော် ချီးကျူးသွားခဲ့ပါတယ်။

လီဗာပူး ဂန္တဝင် ကစားသမား စတီဗင် ဂျာရတ်နဲ့ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် ကစားသမား ဝိန်းရွန်းနီတို့ဟာ ကလပ်အသင်းတွေမှာ ပြိုင်ဘက်တွေ အဖြစ် အကြိမ်ကြိမ် အခါခါ ရင်ဆိုင်ဖူးကြပေမယ့် အင်္ဂလန် လက်ရွေးစင် အသင်းဖော်တွေ အဖြစ် ဆယ်စုနှစ် တစုနီးပါး အတူတကွ တွဲဖက် ကစားခဲ့တာကြောင့် သူတို့နှစ်ဦးကြားက သံယောဇဉ်ဟာ နက်ရှိုင်းပါတယ်။

Photo Credit: The Sun

ဝိန်းရွန်းနီဟာ ဂျာရတ် တယောက် ရိန်းဂျားနဲ့အတူ ဆုဖလားတွေ ရယူခဲ့စဉ်မှာ ဂျာရတ်ကို လူသိရှင်ကြား ချီးကျူးမှုတွေ ပြုလုပ်ခဲ့သလို လက်ရှိအချိန်မှာလည်း ဂျာရတ်က ဒါဘီကို တန်းမဆင်းရအောင် အစွမ်းကုန် ကြိုးစားပေးနေတဲ့ ဝိန်းရွန်းနီကို ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဝိန်းရွန်းနီရဲ့ ဒါဘီဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘဏ္ဍာရေး အကြပ်အတည်းတွေနဲ့ ကြုံတွေ့ခဲ့ရသလို ရမှတ် ၂၂မှတ်လျော့ ပြစ်ဒဏ်ကိုလည်း ကျခံခဲ့ရပေမယ့် တန်းမဆင်းရအောင် ရုန်းကန် ကြိုးစားနေပြီး နောက်ဆုံး ကစားခဲ့တဲ့ ၁၀ပွဲမှာ ၅ပွဲနိုင် ၂ပွဲသရေ ၃ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ရရှိခဲ့တာကြောင့် ရမှတ် ၁၈မှတ်နဲ့အတူ တန်းဆင်းဇုန် ကနေ ရုန်းထွက်နိုင်ဖို့ နီးစပ်နေပါတယ်။

Photo Credit: The Sun

ဝိန်းရွန်းနီဟာ စီနီယာ ကစားသမား နည်းပါးမှု ၊ ကစားသမားသစ် မခေါ်ယူနိုင်မှု ၊ ရမှတ် ၂၂မှတ်လျော့ ပြစ်ဒဏ်တွေ ကြားထဲက ဒါဘီကို တန်းဆင်းဇုန် ကနေ လွတ်မြောက်နိုင်ဖို့ နီးစပ်တဲ့ အနေအထား အထိ ရောက်အောင် ဦးဆောင်ပေးနိုင်ခဲ့တာကြောင့် သူ့ရဲ့ နည်းပြ အရည်အသွေးနဲ့ ပတ်သတ်ပြီး ဘောလုံးရေးရာ သုံးသပ်သူတွေကတောင် ချီးကျူးနေကြပါတယ်။

ရွန်းနီရဲ့ အသင်းဖော်ဟောင်း တဦး ဖြစ်သူ ဂျာရတ်ကလည်း ရွန်းနီရဲ့ စွမ်းဆောင်ရည်တွေနဲ့ ပတ်သတ်ပြီး အတော်လေး ကျေနပ်နေကာ ဒါဘီအနေနဲ့ တန်းမဆင်းရဖို့လည်း မျှော်လင့်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ဂျာရတ်က – “ရွန်းနီက ဒါဘီလိုမျိုး ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အသင်းကို အခုလို အခြေအနေမျိုး အထိ ရောက်အောင် ဦးဆောင်ထားနိုင်တာဟာ အံ့ဩဘနန်းပါပဲ။ တကယ်လို့ သူကသာ ဒါဘီကို တန်းမဆင်းရအောင် စွမ်းဆောင်ပေးနိုင်ခဲ့မယ် ဆိုရင် ဒါက မျက်လှည့်တခုနဲ့တောင် တူနေပါဦးမယ်။ သူက အရမ်းကို တော်လွန်းပါတယ်။ ကျွန်တော်က သူ့ကို မိတ်ဆွေတဦးအနေနဲ့ ချီးကျူးနေတာ မဟုတ်ပါဘူး။ နည်းပြတဦးက တခြား နည်းပြတယောက်ရဲ့ စွမ်းဆောင်ရည်ကောင်းကို အသိအမှတ် ပြုပေးတာပါ။ အခု ဒါဘီမှာ ဖြစ်နေတဲ့ အခြေအနေမျိုးကို အကောင်းဆုံး ကိုင်တွယ်နိုင်ဖို့ ဆိုတာ ပင်ကိုယ် အရည်အသွေးမျိုး မပါရင် ဖြစ်နိုင်မယ် မထင်ဘူး” လို့ ရွန်းနီကို ချီးကျူးခဲ့တာပါ။