အင်္ဂလန် ပရီးမီးယားလိဂ် ရဲ့ အင်အားကြီး အသင်း တစ်သင်း ဖြစ်တဲ့ လီ‌ဗာပူး အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦးဖြစ်သူ၊ ယခုလက်ရှိ စကော့တလန် ကလပ် ရိန်းဂျားစ် ဘောလုံးအသင်းရဲ့ နည်းပြ ဖြစ်သူ စတီဗင် ဂျာရတ်က မန်ချက်စတာ ယူနိုက်တက် အသင်း ၈ နှစ်ကြာ စောင့်ဆိုင်းခဲ့ရတဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဖလားကြီးကို ဒီရာသီမှာ ရယူနိုင်ခြင်း ရှိ၊ မရှိ အပေါ်ကို သူ့ရဲ့ အတွေ့အကြုံနဲ့ ခန့်မှန်း ပြောဆိုလိုက်ပါတယ်။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒီရာသီ အစပိုင်းမှာ ပုံစံကောင်း ပျောက်ဆုံးခဲ့ပြီးတော့ အမှတ်ပေးဇယား ရဲ့ အဆင့် ၁၅ နေရာအထိ ရောက်ရှိခဲ့ရာကနေ ပြန်လည် ခြေစွမ်းပြလာနိုင်ခဲ့ပြီး ၁၃ ပွဲဆက် ရှုံးပွဲမရှိ စံချိန်ကောင်းကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: SportBible

ဒါပေမယ့်လည်း နောက်ဆုံး ကစားထားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ပွဲမှာတော့ ရှက်ဖီးလ်ဒ် ယူနိုက်တက် အသင်းကို ၂ ဂိုး- ၁ ဂိုး နဲ့ အိမ်ကွင်းမှာ ရှုံးနိမ့်ထားရသလို အာဆင်နယ် အသင်းကိုလည်း ဂိုးမရှိ သရေ ရလဒ်သာ ထွက်ပေါ်အောင် ကစားနိုင်ခဲ့တာကြောင့် အရေးကြီးတဲ့ ရမှတ်တွေ ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ ရမှတ်ဆုံးရှုံးမှုတွေဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီး အသင်းအတွက် အခွင့်အရေးကောင်းဖြစ်စေခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၁ နေရာကို ဖယ်ပေးခဲ့ရသလို တစ်ပွဲအသာ ရမှတ် သုံးမှတ် အကွာ နဲ့ ဦးဆောင်ခွင့် ပြုလိုက်ရတာ ဖြစ်ပါတယ်။ စတီဗင် ဂျာရတ် ကတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ မကြာသေးမီက ပြသခဲ့တဲ့ ကြီးမားတဲ့ တိုးတက်မှုတွေ ကို ချီးကျုးခဲ့ပြီးတော့ မန်ချက်စတာယူနိုက်တက် အသင်းရဲ့ ဖလားရနိုင်ချေက အနည်းငယ်သာ ရှိသေးတယ်လို့ အခုလို ပြောဆိုလိုက်ပါတယ်။

Photo Credit: SportBible

“ ယူနိုက်တက် အသင်းအနေနဲ့ ဆက်လက် တိုးတက်မှု ရှိနေဆဲ ဖြစ်တယ်လို့ မြင်ပါတယ်။ သူတို့အနေနဲ့ ကြီးမား တဲ့ တိုးတက်မှုတွေ အများကြီး ပြုလုပ်လာနိုင်တယ်ဆိုတာ ခင်ဗျား ကြည့်ရင် သိနိုင်ပါတယ်။ ဘရူနို ဖာနန်ဒက်စ်က အသင်းမှာ ရှိတဲ့ ကစားသမားတွေ အကုန်လုံး အတွက် ကြီးမားတဲ့ မြှင့်တင်မှု တစ်ခုလို ဖြစ်စေခဲ့ပါတယ်။ ဗာဂျယ်ဗန်ဒိုက် တစ်ယောက် လီဗာပူးမှာ လုပ်ခဲ့သလိုမျိုး ဘရူနို ကလည်း တစ်သင်းလုံးကို ယုံကြည်မှုတွေ ရှိလာအောင် လုပ်နိုင်ခဲ့ပါတယ်။ ခင်ဗျား အနေနဲ့ သူတို့ အသင်းရဲ့ စွမ်းဆောင်ရည် ကို ကြည့်လိုက်ရင် သူတို့ အနေနဲ့ အပိုင်းအစ အတိုလေးတွေ အနည်းငယ်လောက်သာ လုပ်ပြနိုင်လိမ့်မယ်လို့ ထင်မိမာပါ၊ ဒါပေမယ့် သူတို့ အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ထက်စာရင်တော့ ပရီးမီးယားလိဂ် ဖလား ရနိုင်ချေက သေချာပေါက် ပိုပြီးတော့ နီးကပ်လာနေပြီဆိုတာ သေချာပါတယ် ” လို့ နာမည်ကြီး သတင်းဌာနဖြစ်တဲ့ Daily Mail သတင်းဌာန ကို ပြောဆိုခဲ့ပါတယ်။