ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာအသင်းရဲ့ နည်းပြဖြစ်သူ စတီဗင် ဂျာရတ် ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးအသင်းက ရရှိသွားတဲ့ ပင်နယ်တီဟာ မပေးသင့်တဲ့ ပင်နယ်တီ တခု ဖြစ်ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သူ စတီဗင် ဂျာရတ်ဟာ ကစားသမားဘဝ ကနေ အနားယူပြီးနောက် နည်းပြဘဝဆီ ကူးပြောင်းခဲ့ပြီး ရိန်းဂျားအသင်းမှာ အကောင်းမွန်ဆုံး စွမ်းဆောင်ရည်တွေကို ပြသနိုင်ခဲ့တာကြောင့် နည်းပြဘဝ ၂နှစ်ကျော် ကြာမြင့်ပြီးချိန်မှာပဲ ပရီးမီးယားလိဂ်ကလပ် ဗီလာအသင်းကို ကိုင်တွယ်ခွင့် ရရှိခဲ့ပါတယ်။

Photo Credit: Mirror

ယမန်နေ့ညမှာတော့ ဂျာရတ်ဟာ ဗီလာနည်းပြ အဖြစ်နဲ့ သူ့ရဲ့ အသင်းဟောင်း လီဗာပူးအသင်းကို အန်ဖီးလ်ကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရပြီး လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး ဆာလာရဲ့ ပင်နယ်တီဂိုးကြောင့် အရှုံးရလဒ်နဲ့ အိမ်ပြန်ခဲ့ရပါတယ်။

လီဗာပူးအသင်းနဲ့ ဗီလာအသင်းတို့ရဲ့ ပွဲစဉ်မှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းက များစွာ ကွာခြားလှခြင်း မရှိပေမယ့် လီဗာပူးအသင်းက အသင်းကြီးပီပီ ပွဲကို ထိန်းချုပ် ကစားနိုင်ခဲ့ကာ လိုအပ်နေတဲ့ အနိုင်ဂိုးကို ရှာဖွေနိုင်ခဲ့ပြီး လီဗာပူးအသင်း အတွက် အနိုင်ဂိုးကိုတော့ ပွဲကစားချိန် ၆၇မိနစ်မှာပဲ အဓိက တိုက်စစ်မှူး ဆာလာက ပင်နယ်တီကနေ တဆင့် သွင်းယူပေးခဲ့တာပါ။

Photo Credit: Mirror

အဆိုပါပွဲစဉ် ပြီးဆုံးချိန်မှာတော့ ဗီလာအသင်းရဲ့ နည်းပြဖြစ်သူ ဂျာရတ်က သူတို့အသင်းရဲ့ ကစားပုံ အတွက် ကျေနပ်မိကြောင်းနဲ့ လီဗာပူးအသင်းရဲ့ ပင်နယ်တီက ပေးသင့်တဲ့ ပင်နယ်တီ တခု မဟုတ်ကြောင်း ပြောဆိုသွားခဲ့ပါတယ်။

ဂျာရတ်က – “ကစားပုံအရတော့ လီဗာပူးအသင်းက ကျွန်တော်တို့ထက် ပိုကောင်းခဲ့ပါတယ်။ သူတို့အသင်းရဲ့ ကစားပုံက ကောင်းမွန်ခဲ့ပေမယ့် ကျွန်တော်တို့ကလည်း သူတို့အသင်းကို အချိန်အကြာကြီး ဒုက္ခပေးနိုင်ခဲ့တာပါ။ ဒါပေမယ့် သိကြတဲ့အတိုင်းပဲ ဒီပွဲကို ပင်နယ်တီ တလုံးက အဆုံးအဖြတ် ပေးသွားခဲ့တာပါ။ ဒီပွဲမှာ ပင်နယ်တီ ရနိုင်တဲ့ ဖြစ်ရပ် နှစ်ခု ရှိခဲ့ပေမယ့် လီဗာပူးအသင်းကပဲ ပင်နယ်တီ ရသွားခဲ့ပါတယ်။ အဲ့ဒီ ပင်နယ်တီ ဖြစ်ရပ်ကို သေချာကြည့်လိုက်ရင် ဆာလာက တိုင်ရွန်မင်းစ်ကို အရင်ဆုံး ပြစ်ဒဏ် ကျူးလွန်ခဲ့တာကို မြင်ရမှာပါ” လို့ ပြောကြားသွားခဲ့တာပါ။