MySport Myanmar

ဂရိ ထိပ်သီးကလပ် အသင်းရဲ့ နည်းပြသစ် ဖြစ်လာနိုင်ဖွယ် ရှိနေတဲ့ ဂျရတ်

ရိန်းဂျားစ် အက်စတွန်ဗီလာအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးပြီး လီဗာပူးလ်အသင်းမှာလည်း အချိန်ကာလများစွာ ပါဝင်ခဲ့ကာ အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်းလည်းဖြစ်တဲ့ စတီဗင်ဂျရတ်ဟာ လက်ရှိမှာတော့ ဂရိ ထိပိသီးကလပ်ဖြစ်တဲ့ အိုလံပီယာကော့စ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ အခြေအနေကောင်းနေတယ်လို့ သိရပါတယ်။

Photo Credit : Goal

ကစားသမားဘဝကနေ အနားယူလိုက်ပြီးချိန်မှာ နည်းပြတစ်ဦးအဖြစ် စတင် ကျင်လည်လာခဲ့တဲ့ ဂျရတ်က ၂၀၁၈ခုနှစ်မှာ စကော့ကလပ် ရိန်းဂျားစ်အသင်းကို ကိုင်တွယ်ခဲ့ရင်း ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ စကော့တလန် အမှတ်ပေး ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီကနေတစ်ဆင့် ပရီးမီးယားလိဂ်ကလပ် ဗီလာကို ပြောင်းလဲ ကိုင်တွယ်ခဲ့ပေမယ့် ဗီလာမှာတော့ ဂျရတ်က အသင်းကို အကောင်းဆုံးဖြစ်အောင် ကိုင်တွယ်နိုင်ခြင်း မရှိလို့ ဗီလာနည်းပြသက်တမ်း တစ်နှစ် မပြည့်ခင်ထားခင်မှာပဲ အသင်းကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

Photo Credit : Daily Mail

ဒီလို အသင်းလက်မဲ့ ဖြစ်နေတဲ့ ဂျရတ်ကို နာမည်ကျော် ဂရိကလပ် အိုလံပီယာကော့စ်အသင်းက သူတို့အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့အတွက် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ လက်ရှိ အိုလံပီယာကော့စ် နဲ့ နော်တင်ဟမ်ဖောရက်စ်အသင်းတို့ရဲ့ ပိုင်ရှင်ဖြစ်သူ မယ်ရီနာကစ်ဟာ ဂျရတ်နဲ့ ရင်းနှီး ကျွမ်းဝင်သူဖြစ်ပြီး ဂျရတ်ကိုလည်း သူရဲ့ အိုလံပီယာကော့စ်အသင်းဆီ ခေါ်ဆောင်ချင်နေပါတယ်။

အိုလံပီယာကော့စ်အသင်းဟာ လက်ရှိ ဂရိစူပါလိဂ် အမှတ်ပေးပြိုင်ပွဲအတွင်း အဆင့်(၃)နေရာမှာ ရပ်တည်လို့နေပြီး ချန်ပီယံလိဂ်ဝင်ခွင့် နေရာတွေဖြစ်တဲ့ အဆင့်(၁) ၊ အဆင့်(၂)နေရာတွေနဲ (၆)မှတ် ကွာဟနေပါတယ်။ လက်ရှိမှာ ရာသီသိမ်းဖို့က (၆)ပွဲသာ ကျန်ရှိနေတော့ပြီး ရာသီအကုန်မှာပဲ နည်းပြသစ်အဖြစ် ဂျရတ်ကို ခန့်အပ်ဖွယ် ရှိနေပါတယ်။ ဂျရတ်က ရိန်းဂျားစ်မှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့တုန်း နိုင်ပွဲရာခိုင်နှုန်း (၆၄.၈)% အထိ ရှိခဲ့ပေမယ့် ဗီလာမှာတော့ (၃၂.၅)% သာ ရှိခဲ့ရပါတယ်။

Exit mobile version