ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိမှာ စကော့တလန်ကလပ် ရိန်းဂျားအသင်းကို ကိုင်တွယ်နေတဲ့ စတီဗင် ဂျာရတ် ကတော့ သူဟာ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းက ပိုင်ဆိုင်ထားတဲ့ နယူးကာဆယ်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားကြောင်း အတိအလင်း ဝန်ခံသွားခဲ့ပါတယ်။

အသက် ၄၁နှစ် အရွယ် အင်္ဂလန်လူမျိုး နည်းပြ ဂျာရတ်ဟာ ရိန်းဂျားအသင်းကို ၂၀၁၉ခုနှစ်မှ စတင်ကာ ကိုင်တွယ်နေသူ ဖြစ်ပြီး သူ့လက်ထက်မှာ ရိန်းဂျားအသင်းဟာ စကော့တလန်ရဲ့ နံပါတ်တစ်အသင်း ဖြစ်လာခဲ့သလို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စကော့တလန် လိဂ်ဖလားကိုလည်း ရှုံးပွဲမရှိ စံချိန်နဲ့ အရယူနိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်လည်း နယူးကာဆယ်အသင်းကို ဆယ်စုနှစ် တခုအတွင်း ထိပ်တန်းအသင်း တသင်း ဖြစ်လာအောင် ပြုလုပ်ဖို့ ရည်ရွယ်ထားတဲ့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ ဂျာရတ်ကို သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ စိတ်ဝင်စားနေတာပါ။

နယူးကာဆယ်အသင်းရဲ့ နည်းပြသစ် လျာထားစာရင်းမှာ ချယ်လ်ဆီးနဲ့ အင်တာမီလန် နည်းပြဟောင်း ကွန်တီ ၊ ဒါဘီနဲ့ ချယ်လ်ဆီး နည်းပြဟောင်း လမ်းပတ် ၊ မန်စီးတီး နည်းပြဟောင်း မန်စီနီနဲ့ ရိန်းဂျားနည်းပြ ဂျာရတ်တို့ ပါဝင်နေပြီး ဂျာရတ် ကတော့ နယူးကာဆယ်အသင်းဟာ စိတ်ဝင်စားစရာ ကောင်းတဲ့ အသင်းတသင်း ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

Photo Credit: Express

နယူးကာဆယ်အသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားကြောင်းကို ဂျာရတ်က – “နယူးကာဆယ်အသင်းမှာ ဖြစ်နေတဲ့ အရာတွေက အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တကယ်လို့ အပြောင်းအလဲ တခုနဲ့ အထိုက်တန်ဆုံး ပရိသတ်တွေကို ပြောရမယ် ဆိုရင် နယူးကာဆယ် ပရိသတ်တွေကိုပဲ ပြရမှာပါ။ ပြီးတော့ နယူးကာဆယ်မြို့ထဲမှာ စိတ်လှုပ်ရှားမှုတွေ အတော်လေး ပြည့်နေပါတယ်။ ဒါပေမယ့် ကျွန်တော် ကတော့ အခုချိန်မှာ ထွက်နေတဲ့ သတင်းတွေနဲ့ ပတ်သတ်ပြီး ဘာမှမပြောချင်သေးပါဘူး။ စတိဗ်ဘရုစ်အတွက်ပဲ အကောင်းဆုံး ဆုတောင်းပေးချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။