လာမယ့်ရက်ပိုင်းအတွင်းမှာ ကျင်းပသွားမယ့် ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအတွက် အင်္ဂလန်နည်းပြ ဂါရတ်ဆောက်ဂိတ်ကနေ လက်ရွေးစင်အသင်းသားတွေကို ရွေးချယ်မှု ပြုလုပ်သွားခဲ့ရာ ညာနောက်ခံနေရာအတွက် လီဗာပူးလ်အသင်းရဲ့ နောက်ခံအစွန်လူ ထရန့်အလက်ဆန်းဒါးအာနိုးကို မရွေးချယ်ခဲ့ပဲ လူစာရင်းအတွင်းကနေ ချန်လှပ်ထားခံရခြင်းဟာ ဘယ်လိုမှကို လက်ခံနိုင်စရာမရှိဘူးလို့ လီဗာပူးလ်ကစားသမားဟောင်းကြီး စတီဗင်ဂျရတ်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Times

ဂါရတ်ဆောက်ဂိတ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် လူရွေးချယ်မှု ပြုလုပ်ရာမှာ ညာနောက်ခံအစွန်နေရာအတွက်ကို အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ နောက်ခံလူ ကီရန်ထရစ်ပီယာ မန်စီးတီးအသင်းရဲ့ နောက်ခံလူ ကိုင်းလ်ဝေါ်ကာနဲ့ ချယ်လ်ဆီးအသင်းရဲ့ လူငယ်နောက်ခံလူ ရီးစ်ဂျိမ်းစ်တို့ကိုသာ ရွေးချယ်သွားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံလူ အာနိုးကိုတော့ လက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ အံ့အားသင့်ဖွယ် ချန်လှပ်သွားခဲ့ပါတယ်။ အခုလို အာနိုးကို မရွေးချယ်ခဲ့တာနဲ့ပတ်သက်ပြီး လီဗာပူးလ် အသင်းခေါင်းဆောင်ဟောင်းလည်းဖြစ်သလို လက်ရှိ ရိန်းဂျားစ်အသင်းရဲ့ နည်းပြလည်းဖြစ်တဲ့ ဂျရတ်က လက်ခံနိုင်စရာ မရှိဘူးလို့ ဝေဖန်လိုက်ပါတယ်။

Photo Credit : Goal

ဂျရတ်က “ဂါရတ်ဆောက်ဂိတ်က ဒီဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပါ။ သူရဲ့ဆုံးဖြတ်ချက်အပေါ်မှာလည်း ကျွန်တော့်ဘက်က သဘောတူညီပေးစရာ မလိုအပ်ပါဘူး။ ဒါပေမယ့် ကျွန်တော်က အင်္ဂလန်ရဲ့နည်းပြတစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ထရန့်ကတော့ လက်ရွေးစင်အသင်းအတွက် အကောင်းဆုံးသော ညာနောက်ခံကစားသမာတစ်ယောက်လို့တော့ ကျွန်တော်ထင်တယ်။ ကျွန်တော် ကစားသမားတစ်ယောက် ဖြစ်နေတုန်းက လေ့လာမိခဲ့တဲ့ အရာတစ်ခုကတော့ ကစားသမားတစ်ဦးအနေနဲ့ ဘယ်တော့မှ ဒင်ပြည့်ဒေါင်ပြည့် ဖြစ်နေမှာ မဟုတ်ဘူးဆိုတာပါပဲ။ ဒါကြောင့် တကယ်လို့ ကိုယ်က ရွေးချယ်မခံရတဲ့ အချိန်အခါမျိုးဆိုရင် ကိုယ်ရဲ့နည်းပြဆီကနေ အားပေးမှုတွေ ချစ်ခင်မှုတွေနဲ့ အလေးထားမှုတွေကိုတော့ ရရှိသင့်ပါတယ်။ အခု ထရန့်ကို မရွေးချယ်လိုက်တာကိုတော့ ကျွန်တော်အရမ်းအံ့သြမိတယ်။ သူက ကမ္ဘာ့အဆင့် ညာနောက်ခံ ကစားသမားမျိုးပါ။ ဒါပေမယ့် ထရန့်အပါအဝင် တခြားဘယ်လီဗာပူးလ်ကစားသမားအတွက်မဆို ကျွန်တော် သူတို့ဘက်ကနေ အမြဲရပ်တည်ပေးသွားမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။