ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဗီလာရဲ့ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ စတီဗင် ဂျာရတ်ကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၅)မှာ သူ့ရဲ့ ဗီလာက အာဆင်နယ်ကို အ​ဝေးကွင်းမှာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီးနောက် သူ့ရဲ့ နည်းပြရာထူး အတွက် စိုးရိမ်နေရကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၄၂နှစ် အရွယ် အင်္ဂလန်လူမျိုး နည်းပြဖြစ်သူ စတီဗင် ဂျာရတ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဗီလာကို စတင် ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ဗီလာရဲ့ ကစားပုံပိုင်းဟာ တိုးတက်မှု အနည်းငယ် ရှိခဲ့ပေမယ့် ရလဒ်ပိုင်းကတော့ မျှော်မှန်းထားသလောက် ကောင်းမွန်ခဲ့ခြင်း မရှိပါဘူး။

Photo Credit: Express

ယခုနှစ် ဘောလုံးရာသီမှာလည်း ဂျာရတ်ရဲ့ ဗီလာက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၅ပွဲ ယှဉ်ပြိုင် ကစားထားရာ ၁ပွဲသာ အနိုင်ရထားပြီး ၄ပွဲ ရှုံးနိမ့်ထားကာ အဆိုပါ ၅ပွဲမှာ သွင်းဂိုး ၄ဂိုးသာ ရရှိခဲ့သလို ပေးဂိုး ၉ဂိုး အထိ ရှိခဲ့ပါတယ်။

ရလဒ်တွေ တောက်လျှောက် ဆိုးဝါးနေတာကြောင့်ပဲ ဗီလာရဲ့ ဘုတ်အဖွဲ့က ဂျာရတ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စတင် စဉ်းစားလာပြီး ဗီလာပရိသတ်တွေကလည်း ဂျာရတ်ကိုသာ နည်းပြအဖြစ် ဆက်ထားမယ် ဆိုရင် တန်းဆင်းသွားရနိုင်ကြောင်း ဝေဖန်နေကြကာ ဂျာရတ်ကတော့ အာဆင်နယ်ကို ရှုံးနိမ့်ပြီးနောက် သူ့ရဲ့ နည်းပြရာထူး အတွက် စိုးရိမ်နေရကြောင်း ဝန်ခံသွားပါတယ်။

Photo Credit: Express

ဂျာရတ်က – “ကျွန်တော်က ရိုးသားတဲ့ လူတဦး ဖြစ်သလို ကိုယ့်ကိုယ်ကိုယ်လည်း အမြဲတမ်း ဝေဖန်နေတဲ့သူပါ။ ကျွန်တော်က ကိုယ့်ရဲ့ အလုပ်ကို အကောင်းဆုံး လုပ်ဖို့ပဲ ဆုံးဖြတ်ထားပါတယ်။ ပြီးတော့ ကျွန်တော်က အမြဲတမ်း ရှေ့ကို ထွက်ပြီး တာဝန်ခံပေးဖို့ အဆင်သင့် ရှိပါတယ်။ ဒါပေမယ့် အခုလို ရလဒ်တွေ တောက်လျှောက် ဆိုးနေတဲ့ အချိန်မှာ ကျွန်တော့်ရဲ့ နည်းပြရာထူး အတွက် စိုးရိမ်မှု မရှိဘူးလို့ ပြောရင် ခင်ဗျားတို့က ကျွန်တော့်ကို တခြားကမ္ဘာကနေ လာတဲ့ ဂြိုလ်သားလို့ မြင်သွားပါလိမ့်မယ်။ ဒါက ကျွန်တော် ပြောနိုင်တဲ့ အရာပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။