ချယ်လ်ဆီးအသင်းရဲ့ ယူရိုသန်းတစ်ရာတန် ကစားသမားသစ်လေး မာဒရစ်ခ်ဟာ ချယ်လ်ဆီးကစားသမားဟောင်းကြီး အာဂျန်ရော်ဘင်ရဲ့့ ကစားဟန်နဲ့ ဆင်တူသလို ရှိတယ်လို့ လီဗာပူးလ် ဂန္တဝင်ကစားသမားဟောင်းကြီး စတီဗင်ဂျရတ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပြီး မာဒရစ်ခ် ကစားဟန်က စိတ်လှုပ်ရှားစရာကောင်းတယ်လို့ပါ ချီးမွမ်းသွားခဲ့ပါတယ်။

Mudryk (middle) starred during a 35-minute off the bench in a goalless draw against Liverpool

Photo Credit : Daily Mail

မနေ့ညက အန်ဖီးလ်ကွင်းမှာ ယှဉ်ပြိုင်သွားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ချယ်လ်ဆီးဘက်က ရှက်တာဒိုးနက်သင်းကနေ ယူရိုသန်းတစ်ရာနဲ့ ခေါ်ယူထားခဲ့တဲ့ ယူကရိန်း တောင်ပံကစားသမားလေး မာဒရစ်ခ်ကို ထည့်သွင်းလာခဲ့ရာ မာဒရစ်ခ်ကလည်း အသင်းပရိသတ်တွေ စိတ်ကျေနပ်ရလောက်တဲ့အထိ ကစားပြသွားနိုင်ခဲ့ပါတယ်။ အခုက မာဒရစ်ခ်အတွက် ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲစဉ် ဖြစ်နေတဲ့အပြင် (၃၅)မိနစ်သာ ကစားခဲ့ရတာဖြစ်လို့ သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို လာမယ့်ပွဲစဉ်တွေမှာ ပိုမို တွေ့မြင်လာရဖွယ် ရှိနေပါတယ်။

Gerrard (centre) was left hugely impressed by Chelsea's newest multi-million talent

Photo Credit : Daily Mail

မာဒရစ်ခ်ရဲ့ ကနဦး စွမ်းဆောင်ချက်တွေနဲ့ ပတ်သတ်ပြီး ဂျရတ်က “ကျွန်တော်သာ ချယ်လ်ဆီးပရိသတ်တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင် မာဒရစ်ခ်အတွက် အရမ်း စိတ်လှုပ်ရှားမိနေမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီအသင်းအတွက် တကယ့်ကို အားကောင်းလှတဲ့ လူစားဝင်မှု ဖြစ်စေခဲ့သလို သူရဲ့ပွဲဦးထွက်မှာ fit မဖြစ်သေးရင်တောင်မှ သူက ဒီအသင်းအတွက် နောက်ပိုင်း ပိုကစားလာရဦးမှာပဲ။ ဒီနေ့ သူကစားသွားတာကို ကြည့်ရတာ အာဂျန်ရော်ဘင်ကို နည်းနည်းလောက် သတိရသွားမိစေတယ်။ သူရဲ့ပထမထိချက်က မှားယွင်းသွားခဲ့တယ် ဆိုပေမယ့် နောက်ပိုင်း သူရဲ့လုပ်အားနှုန်းတွေ သူရဲ့ပြေးအားတွေကို မြင်တွေ့လာခဲ့ရတယ်။ ဘောလုံးကို ဘယ်လို ထိန်းသိမ်း ကိုင်တွယ်ထားရမလဲဆိုတာလည်း သူသိနေတယ်။ ဒါကြောင့် ကျွန်တော်သာ ချယ်လ်ဆီးကို အားပေးနေတဲ့သူဆိုရင် အရမ်းစိတ်လှုပ်ရှားနေမိမှာ အမှန်ပဲ” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။ ဒါ့အပြင် မန်ချက်စတာယူနိုက်တက်ဒ်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ ကစားသမားဟောင်းကြီး ရီယိုဖာဒီနန်ကလည်း ချယ်လ်ဆီးကစားသမားသစ် မာဒရစ်ခ်က ချယ်ဆီးပရိသတ်တွေအတွက်တော့ စိတ်လှုပ်ရှားစရာ အကောင်းဆုံး ကစားသမား ခေါ်ယူမှုတစ်ခု ဖြစ်စေလိမ့်မယ်လို့လည်း သုံးသပ်သွားခဲ့ပါတယ်။