မကြာသေးမီကမှ ပိုင်ရှင်အပြောင်းအလဲ ဖြစ်ထားတဲ့ နယူးကာဆယ်အသင်းဟာ ရိန်းဂျားအသင်းကို စကော့တလန်လိဂ်မှာ ရှုံးပွဲမရှိ ရလဒ်နဲ့ ဗိုလ်စွဲနိုင်အောင် ဦးဆောင်ထားနိုင်ခဲ့တဲ့ လီဗာပူးနဲ့ အင်္ဂလန် ဂန္တဝင် ကွင်းလယ်လူ ဂျာရတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ နီးစပ်နေကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

နယူးကာဆယ်အသင်းရဲ့ ပိုင်ရှင်သစ် ဖြစ်တဲ့ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ စုစုပေါင်း ပိုင်ဆိုင်မှု ပေါင် ၃၂၀ ဘီလီယံ အထိ ကြွယ်ဝချမ်းသာတဲ့ အဖွဲ့အစည်း တခု ဖြစ်တာကြောင့် နယူးကာဆယ်အသင်းကို ဆယ်စုနှစ် တစုအတွင်း ဥရောပရဲ့ ထိပ်တန်း အသင်းကြီးတသင်း ဖြစ်လာအောင် လုပ်ဆောင်ဖို့ ရည်ရွယ်ထားပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ ဆော်ဒီအာရေဗျ ပြည်သူပိုင် ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းဟာ လက်ရှိ နယူးကာဆယ်အသင်းရဲ့ နည်းပြဖြစ်သူ စတိဗ်ဘရုစ်ကို အသင်းကနေ ထုတ်ပယ်ကာ အသင်းကို အောင်မြင်မှု လမ်းကြောင်းဆီ ဆွဲတင်ပေးနိုင်မယ့် ထိပ်တန်း နည်းပြတဦးကို ရှာဖွေနေပြီး ဂျာရတ်ဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ် ဖြစ်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

အသက် ၄၁နှစ် အရွယ် လီဗာပူး ဂန္တဝင် ကွင်းလယ်လူ ဂျာရတ်ဟာ ရိန်းဂျားအသင်းကို ၂၀၁၈ခုနှစ်မှ စတင်ကာ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ လက်အောက်မှာ ရိန်းဂျားအသင်းဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စကော့တလန် လိဂ်ချန်ပီယံဆုကို ပြန်လည် ရရှိခဲ့ပါတယ်။

Photo Credit: Team Talk

လက်ရှိမှာတော့ နယူးကာဆယ်အသင်းရဲ့ တာဝန်ရှိသူတွေဟာ ဂျာရတ်ရဲ့ အေးဂျင့်တွေနဲ့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး လီဗာပူးအသင်းရဲ့ ဂန္တဝင် နည်းပြတဦး ဖြစ်သူ ဒဲဂလစ်ရှ်ကလည်း နယူးကာဆယ်အသင်းဟာ ဂျာရတ်ကို နည်းပြသစ် အဖြစ် ခန့်အပ်နိုင်ဖို့ ကြိုးစားနေကြောင်း အတည်ပြုသွားခဲ့ပါတယ်။

ဒဲဂလစ်ရှ်က – “နယူးကာဆယ်အသင်းက ဂျာရတ်ကို နည်းပြသစ် အဖြစ် ခန့်ဖို့ ကြိုးစားနေတာနဲ့ ပတ်သတ်ပြီး မအံ့ဩမိပါဘူး။ ဒါပေမယ့် ကျွန်တော် တခု ပြောချင်တာက စတိဗ်ဘရုစ်က လက်ရှိ နယူးကာဆယ်အသင်းရဲ့ နည်းပြပါ။ သူ့ကို လေးစားကြဖို့ လိုအပ်ပါလိမ့်မယ်” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။