ဆော်ဒီကလပ် အယ် အတ်တီဖတ်ရဲ့ နည်းပြချုပ် ဖြစ်သူ စတီဗင် ဂျာရတ်က ကစားသမားဘဝမှာ သူ့ရဲ့ ပြိုင်ဘက် ဖြစ်ခဲ့သလို လက်ရှိမှာ ဆော်ဒီကလပ် အယ် နက်ဆာရဲ့ အသင်းခေါင်းဆောင် အဖြစ် ခြေစွမ်းပြနေတဲ့ ရိုနယ်ဒိုဟာ Greatest Of All Time (GOAT) ကစားသမား ဖြစ်ကြောင်း နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

စတီဗင် ဂျာရတ်နဲ့ ခရစ္စတီယာနို ရိုနယ်ဒိုတို့က အင်္ဂလန်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး အသင်းတွေ ဖြစ်တဲ့ လီဗာပူးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကစားသမားဟောင်းတွေ ဖြစ်ကြပြီး နှစ်ဦးစလုံးက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကြိမ်ကြိမ် ရင်ဆိုင် တွေ့ခဲ့ဖူးပါတယ်။

Photo Credit: Talk sport

ပြိုင်ဘက်ဟောင်းတွေ ဖြစ်တာကြောင့် စတီဗင် ဂျာရတ်နဲ့ ရိုနယ်ဒိုတို့ ကြားထဲမှာ အဖုအထစ်လေးတွေ ရှိခဲ့ပေမယ့် လက်ရှိမှာတော့ နှစ်ဦးစလုံးက ဆော်ဒီကလပ်တွေဆီ ရောက်နေကာ ဆော်ဒီနိုင်ငံနဲ့ ဆော်ဒီဘောလုံးလောကတို့ နာမည်ကြီးလာအောင် ကြိုးစားပေးနေကြပါတယ်။

အထူးသဖြင့် ခရစ္စတီယာနို ရိုနယ်ဒိုက ဆော်ဒီကလပ်တွေကို ဥရောပ ဘောလုံးဇာတ်ခုံနဲ့ စတင် မိတ်ဆက်ပေးခဲ့သူ ဖြစ်ပြီး အယ် နက်ဆာက ရိုနယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီးမှ ဆော်ဒီကလပ်တွေက ဥရောပမှာ ရှိတဲ့ ကြယ်ပွင့် ကစားသမားတွေနဲ့ နည်းပြတွေကို ဆော်ဒီမြေဆီ အပြိုင်အဆိုင် ခေါ်ယူခဲ့ကြတာပါ။

ဒါကြောင့်ပဲ စတီဗင် ဂျာရတ်က ဆော်ဒီဘောလုံးလောက တခုလုံးကို နာမည်ကျော်လာအောင် လုပ်ပေးနိုင်ခဲ့တဲ့ ရိုနယ်ဒိုကို သမိုင်းတလျှောက် အကြီးကျယ်ဆုံး ကစားသမား (GOAT) ဆိုတဲ့ ဂုဏ်ပုဒ် တပ်ကာ ချီးကျူးသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

စတီဗင် ဂျာရတ်က – “ကျွန်တော်တို့ကတော့ သူ့ကို “GOAT”လို့ပဲ ခေါ်ကြပါတော့တယ်။ ဇန်နဝါရီမှာ ရိုနယ်ဒို ရောက်လာတာက ဆော်ဒီလိဂ်ကို ကမ္ဘာအနှံ့မှာ ကျော်ကြားသွားစေခဲ့ပါတယ်။ ရိုနယ်ဒိုက ကြီးမားတဲ့ ခေါ်ယူမှု တခု ဖြစ်သလို အခုချိန်အထိ သူက သူ့ရဲ့ခြေစွမ်းတွေနဲ့ သူ့အသင်းအပေါ် အကျိုးပြုနေဆဲပါ။ ရိုနယ်ဒို ရောက်ပြီးမှပဲ ကျွန်တော်က သူ့အသင်းရဲ့ ရလဒ်တွေကို ရှာကြည့်တယ်။ ဆော်ဒီလိဂ်ရဲ့ ပွဲတချို့ကို ကြည့်ဖြစ်ခဲ့တယ်။ ဆော်ဒီလိဂ်ရဲ့ highlightsတွေကို ကြည့်တယ်။ အဲ့ဒီလိုမျိုး ဖြစ်ခဲ့တာပါ။ ကျွန်တော်ကတော့ ရိုနယ်ဒိုဟာ ဆော်ဒီလိဂ်ရဲ့ အကြောင်းကို တကမ္ဘာလုံး ပြောဖြစ်အောင် လုပ်နိုင်ခဲ့တဲ့ အဓိက အကြောင်းအရင်းလို့ပဲ မြင်ပါတယ်” ဆိုပြီး နောက်ဆုံး လုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့တာပါ။

စတီဗင် ဂျာရတ်ဟာ အရင်တုန်းက ရိုနယ်ဒိုရဲ့ပြိုင်ဘက် လီယွန်နယ် မက်ဆီကို ကမ္ဘာ့အကောင်းဆုံး ကစားသမားလို့ တရားဝင် ထုတ်ပြောခဲ့သူ ဖြစ်ပြီး ယခုမှသာ သူ့ရဲ့ အယူအဆကို ပြောင်းလဲကာ ရိုနယ်ဒိုဟာ ဘောလုံးသမိုင်းမှာ အကြီးကျယ်ဆုံး ကစားသမားပါလို့ ပြန်ပြောင်း ပြောဆိုခဲ့တာပဲ ဖြစ်ပါတယ်။