ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ အက်စ်တွန်ဗီလာရဲ့ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေတဲ့ စတီဗင် ဂျာရတ်ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်မှာ ကွင်းလယ်ဒိုင်ရဲ့ ဝီစီစောမှုတ်မှုတွေကြောင့် သူတို့အသင်း ရသင့်တဲ့ သွင်းဂိုးတွေ မရခဲ့တဲ့ အတွက် နစ်နာခဲ့ရကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အက်စ်တွန်ဗီလာက ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရာ မန်ချက်စတာ စီးတီးရဲ့ ဦးဆောင်မှုကို ခံခဲ့ရပေမယ့် တောင်ပံတိုက်စစ် ကစားသမား ဘိုင်လီရဲ့ လှပတဲ့ ကန်ချက်နဲ့အတူ ရလာတဲ့ ချေပဂိုးကြောင့် တဖက် ၁ဂိုးစီနဲ့ သရေ ၁မှတ် ခွဲယူနိုင်ခဲ့ပါတယ်။

Photo Credit: Metro

အက်စ်တွန်ဗီလာက ယခုနှစ် ဘောလုံးရာသီမှာ မျှော်မှန်းထားသလို ရလဒ်ကောင်းတွေ မရယူနိုင်သေးတာကြောင့် မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်မှာ ရခဲ့တဲ့ ရမှတ် ၁မှတ်ဟာ ဂျာရတ် အတွက် အသက်ရှူချောင်စေခဲ့တဲ့ ရမှတ် ဖြစ်ခဲ့ပေမယ့် ဂျာရတ်ကတော့ သူ့ရဲ့အသင်းဟာ မန်ချက်စတာ စီးတီးနဲ့ ပွဲစဉ်မှာ ရမှတ် ၁မှတ်ထက် ပိုရသင့်တဲ့ စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ခဲ့တယ်လို့ ရှုမြင်နေပါတယ်။

အထူးသဖြင့် အက်စ်တွန်ဗီလာရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ကော်တင်ဟိုက ပွဲပြီးခါနီးမှာ အဝေးကန်ချက်နဲ့အတူ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ရဲ့ ဝီစီစောမှုတ်မှုကြောင့် ဂိုးအဖြစ် သတ်မှတ်မခံခဲ့ရတဲ့ ဖြစ်ရပ်ဟာ ဗီလာအတွက် နစ်နာစေခဲ့တဲ့ ဖြစ်ရပ် တခု ဖြစ်ကာ အဆိုပါ သွင်းဂိုးမှာ ကွင်းလယ်ဒိုင်က ကော်တင်ဟိုဟာ လူကျွံနေတယ် ဆိုပြီး လူကျွံဘော ပေးဖို့ ကော်တင်ဟို တယောက် ဘောလုံးကို ဂိုးထဲ မကန်သွင်းခင်မှာပဲ ဝီစီမှုတ်ခဲ့ကာ တကယ်တမ်းမှာ ကော်တင်ဟိုဟာ လူမကျွံနေတာကို မြင်ခဲ့ရတာကြောင့် ကွင်းလယ်ဒိုင်ရဲ့ ဝီစီစောမှုတ်မှုကြောင့်ပဲ ဗီလာဟာ အနိုင်ရနိုင်တဲ့ အခွင့်အရေးကို ဆုံးရှုံးခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Metro

ဒါကြောင့်ပဲ ပွဲပြီးဆုံးချိန်မှာတော့ ဂျာရတ်က သူတို့အသင်းဟာ ကွင်းလယ်ဒိုင်ရဲ့ ဝီစီစောမှုတ်မှုတွေကြောင့် နစ်နာခဲ့ရကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ဂျာရတ်က – “ကွင်းလယ်ဒိုင်က ၂ကြိမ်တောင် ဝီစီစောမှုတ်ခဲ့တာပါ။ သူက ကွန်ဆာနဲ့ အီဒါဆန်တို့ ဘောလုံးယှဉ်လုနေတဲ့ အချိန်မှာလည်း ဝီစီကို အစောကြီး မှုတ်ခဲ့ပါတယ်။ ကျွန်တော်ကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ခဲ့ပါဘူး။ ဘာကြောင့် ပွဲရပ်ဖို့ ဝီစီမှုတ်လိုက်တာလဲ။ ခဏစောင့်ပြီးမှ  VAR ပြန်ကြည့်ရင်ရော မရဘူးလား။ ပြီးတော့ သူက ဖီးလ်ရဲ့ (ကော်တင်ဟို) သွင်းဂိုးမှာလည်း အလားတူပဲ ဝီစီစောမှုတ်ခဲ့ပါတယ်။ ကွင်းလယ်ဒိုင်က ကျွန်တော်တို့တွေ ရသင့်တဲ့ အခွင့်အရေးတွေကို ၂ကြိမ်တောင်မှ ဝီစီစောမှုတ်ပြီး ဖျက်ဆီးပစ်ခဲ့တာပါ။ ကျွန်တော်ကတော့ ကော်တင်ဟိုရဲ့ သွင်းဂိုးဟာ ပေးသင့်တဲ့ ဂိုးလို့ပဲ မြင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။