ကြိုးကြာနီတွေလို့ နာမည်ပြောင်ပေးခံထားရတဲ့ လီဗာပူးလ်အသင်းကို ချစ်မြတ်နိုးလွန်းလို့ အသင်းနိမ့်ကျနေတဲ့အချိန်မှာ ကမ္ဘာ့အဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားပါရက်နဲ့ အသင်းကြီးတွေရဲ့ ကမ်းလှမ်းမှုကို ရပါရက်နဲ့ အသင်းကို ပခုံးထမ်းတင်ပေးခဲ့တဲ့ ကွင်းလယ်လူတစ်ဦးကို အားလုံးပဲ သိကြမှာပါ​။ သူကတော့ စတီဗင်ဂျာရတ်ပါပဲ။ ငယ်စဉ်ကတည်းက လီဗာပူးလ်အသင်းရဲ့ ကစားသမား ၊ လီဗာပူးလ်အသင်းရဲ့ ပရိသတ် ဖြစ်တဲ့ ဂျာရတ်ဟာ လက်ရှိမှာတော့ စကော့တလန်ကလပ် ရိန်းဂျားအသင်းကို နည်းပြနေပြီး သူ့ရဲ့ ရိန်းဂျားအသင်းဟာ အောင်မြင်မှုတွေကို အထိုက်အလျောက် ရယူထားနိုင်နေပါပြီ။ ဒါ့ကြောင့် လီဗာပူးလ်အသင်းရဲ့ ပရိသတ်တွေက လက်ရှိနည်းပြ ကလော့ပ်ထွက်ခွာသွားရင် စတီဗင်ကို အသင်းရဲ့ နည်းပြသစ်အဖြစ် မြင်လိုနေကြပါတယ်။

Photo Credit: Express.com

ဒါပေမယ့် ယနေ့မနက်ပိုင်းမှာ ထွက်ပေါ်လာခဲ့တဲ့ သတင်းတစ်ပုဒ်အရတော့ လက်ရှိနည်းပြ ဂျာဂင်ကလော့ပ်အနေနဲ့ လီဗာပူးလ်အသင်းမှ ထွက်ခွာသွားသည့်တိုင်အောင် ဂျာရတ်ဟာ လီဗာပူးလ်အသင်းရဲ့နည်းပြသစ် ဖြစ်လာမှာ မဟုတ်ဘူးလို့ သိရှိရပါတယ်။ အဆိုပါသတင်းကို ရေးသားခဲ့ကြသူတွေက လီဗာပူးလ်အသင်းနဲ့ နီးစပ်သူတွေဖြစ်ပြီး သူတို့ရဲ့ ဖော်ထုတ်ရေးသားချက်တွေအရ လီဗာပူးလ်အသင်းဟာ ကလော့ပ် ထွက်ခွာသွားခဲ့ရင် ကလော့ပ်ရဲ့ နေရာကို အစားထိုးဖို့အတွက် နည်းပြနှစ်ဦးကို လျာထားတယ် လို့ သိရှိထားရပါတယ်။ အဆိုပါနည်းပြနှစ်ဦး စာရင်းမှာတော့ ဂျာရတ်ဟာ ပါဝင်ခြင်းမရှိခဲ့တာကြောင့် ဂျာရတ်ကို လီဗာပူးလ်နည်းပြအဖြစ် မြင်တွေ့ရဖို့ အတော်လေးစောင့်ဆိုင်းရဖွယ် ရှိပါတယ်။

Photo Credit: Express.com

ထွက်ပေါ်လာတဲ့ သတင်းတွေအရ လီဗာပူးလ် အသင်းဟာ ဂျာဂင်ကလော့ပ်ကို လက်လွှတ်ဆုံးရှုံးရပါက လီဗာပူးလ်အသင်းဟာ ကလော့ပ်ရဲ့ လက်ထောက်နည်းပြ လင်ဒါနဲ့ ရက်ဘူးလ် လစ်ဇက်အသင်းရဲ့ နည်းပြဖြစ်သူ နာဂယ်မန်း တို့နှစ်ဦးကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ ရှိနေတယ်လို့ သိရှိရပါတယ်။ လီဗာပူးလ်အသင်းရဲ့ ဘုတ်အဖွဲ့တွေဟာ အသင်းကို အတွေ့အကြုံ ရင့်ကျက်တဲ့ နည်းပြတစ်ဦးရဲ့လက်ထဲကိုသာ ထည့်လိုတာဖြစ်တာကြောင့် ဂျာရတ်ကို နည်းပြသစ်အဖြစ် မခန့်အပ်လိုတာဖြစ်ကြောင်းနဲ့ အကယ်၍ ဂျာရတ်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖြစ်ခဲ့ပါကလည်း ယာယီနည်းပြအနေနဲ့သာ ဖြစ်နိုင်ကြောင်း ဘောလုံးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။