လီဗာပူးလ်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင်ကွင်းလယ်ကစားသမားဖြစ်သူ ဂျာရတ် ကိုင်တွယ်နေတဲ့ စကော့တလန်ကလပ် ရိန်းဂျားအသင်းဟာ ယနေ့မနက်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပေါ်တူဂီအသင်းတစ်သင်း ဖြစ်တဲ့ ဘရာဂါအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရာ ဦးဆောင်ဂိုးနှစ်ဂိုး ခွင့်ပြုပေးခဲ့ရပြီး ပွဲပြီးဆုံးခါနီးမှသာ ချေပဂိုးနှစ်ဂိုးနဲ့ အနိုင်ဂိုးတစ်ဂိုး သွင်းယူကာ သုံးဂိုး နှစ်ဂိုးဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်လို့ သိရပါတယ်။

 

Photo Credit: Sky Sports.com

ရိန်းဂျားအသင်းရဲ့ Ibrox ကွင်းကြီးထဲမှာ ကစားခဲ့တဲ့ အဆိုပါပွဲစဉ်မှာ ရိန်းဂျားအသင်းဟာ ဧည့်သည် ဘရာဂါအသင်းဘက်ကို သိသိသာသာ ဖိအားပေးကစားနိုင်ခဲ့ခြင်းမရှိပဲ ပွဲအစပိုင်းမှာ ဘရာဂါအသင်းရဲ့ တုန့်ပြန်မှုတချို့ကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဘရာဂါအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲကစားချိန် ၁၁မိနစ်မှာပဲ ကွင်းလယ်လူ ဖရန်ဆာဂျီယိုက သွင်းယူပေးခဲ့ပြီး ပထမပိုင်းမှာတော့ ဆာဂျီယိုရဲ့ သွင်းဂိုးတစ်ဂိုးထဲနဲ့ ဘရာဂါအသင်းဟာ ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports.com

အဲ့ဒီနောက် ဒုတိယပိုင်း ပြန်လည်စတင်လာချိန်မှာ ရိန်းဂျားအသင်းဘ​က်က ချေပဂိုးရရှိဖို့ ပိုမို ကြိုးစားကစားလာခဲ့ပေမယ့် သွင်းဂိုးကို ရရှိသွားတာကတော့ ဘရာဂါအသင်းဖြစ်ပြီး ပွဲချိန် ၅၉မိနစ်မှာ တိုက်စစ်မှူး ရူဇ်က သွင်းယူပေးခဲ့တာပါ။ အဲ့ဒီနောက်မှာတော့ ရိန်းဂျားအသင်းဟာ တိုက်စစ်ကို ပိုမိုကစားလာခဲ့ပြီး ပွဲချိန် ၆၇ မိနစ်မှာ တိုက်စစ်မှူး ဟာဂီက ပထမချေပဂိုး ၊ ပွဲချိန် ၇၅မိနစ်မှာ အာရီဘိုက ဒုတိယချေပဂိုးနဲ့ ပွဲချိန် ၈၂မိနစ်မှာတော့ ဟာဂီက အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒီComebackနိုင်ပွဲ အပြီးမှာတော့ ဂျာရတ်ကို ကစားသမားဘဝမှာရော ၊ နည်းပြဘဝမှာပါ Comebackနိုင်ပွဲတွေ ရရှိအောင် စွမ်းဆောင်နိုင်သူလို့ ဝိုင်းဝန်း ချီးကျူးနေကြပါတယ်။