ဘောလုံးပရိသတ်တွေ စောင့်မျှော်လို့နေတဲ့ ယူရို-၂၀၂၀ ပြိုင်ပွဲကြီးက မကြာခင်ရက်ပိုင်းအတွင်းမှာပဲ စတင်ကျင်းပတော့မှာဖြစ်ပြီး ဒီပြိုင်ပွဲကြီးမတိုင်ခင်မှာပဲ လူငယ်ကစားသမားလေးတွေရဲ့ ယူ-၂၁ ယူရိုပြိုင်ပွဲက ဗိုလ်လုပွဲအထိကို ရောက်ရှိနေပြီဖြစ်ပြီး ဒီကနေ့ ည(၁)နာရီခွဲအချိန်မှာ ယှဉ်ပြိုင်ကစားစေမှာဖြစ်ပါတယ်။ ဒီဗိုလ်လုပွဲမှာ ၂၀၁၉ခုနှစ် ပြိုင်ပွဲတုန်းက ဒုတိယနေရာပဲ ရယူနိုင်ခဲ့ရတဲ့ ချန်ပီယံဟောင်း ဂျာမနီယူ-၂၁အသင်းနဲ့ ယူ-၂၁ပြိုင်ပွဲမှာ ဒုတိယနေရာကိုသာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ရယူထားခဲ့ဖူးတဲ့ ပေါ်တူဂီယူ-၂၁အသင်းတို့ ရင်ဆိုင်တွေ့ဆုံကြမှာဖြစ်ပါတယ်။

ဂျာမနီယူ-၂၁အသင်းဟာ ယူရို ယူ-၂၁ပြိုင်ပွဲမှာ (၂)ကြိမ်အထိကို ဗိုလ်စွဲထားခဲ့ဖူးတာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ်ကလည်း အခုလို ဗိုလ်လုပွဲအထိ တတ်လှမ်းခဲ့ပြီး စပိန်ယူ-၂၁အသင်းကို အရေးနိမ့်ခဲ့ရလို့ ဒုတိယနေရာနဲ့ပဲ ကျေနပ်ခဲ့ရတာဖြစ်ပါတယ်။ ဒီတစ်ကြိမ် ပြိုင်ပွဲမှာတော့ ဂျာမနီအသင်းဟာ နယ်သာလန် ရိုမေးနီးယား ဟန်ဂေရီအသင်းတွေနဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး (၁)ပွဲနိုင် (၂)ပွဲသရေ ရမှတ်(၅)မှတ်နဲ့ အုပ်စုကနေ တတ်လှမ်းခဲ့ရသလို ကွာတားမှာ ဒိန်းမတ်နဲ့ ဆီမီးမှာ နယ်သာလန်တို့ကို ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို တတ်လှမ်းလာခဲ့တာဖြစ်ပါတယ်။

ယူရို ယူ-၂၁ပြိုင်ပွဲမှာ ဒုတိယနေရာကိုသာ (၂)ကြိမ်တိုင်တိုင် ရထားခဲ့ဖူးတဲ့ ပေါ်တူဂီအသင်းကတော့ ဒီတစ်ကြိမ် ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ဖို့ အတော်လေးကို အလားအလာကောင်းနေရပြီး အုပ်စုတွင်းပွဲအားလုံးကို အနိုင်ရခဲ့သလို ကွတားဖိုင်နယ်မှာလည်း အီတလီနဲ့ ဆီမီးဖိုင်နယ်မှာ စပိန်အသင်းတွေကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် အသင်းရဲ့ခံစစ်ပိုင်းက အီတလီနဲ့ပွဲစဉ်တစ်ပွဲတည်းမှာပဲ ပေးဂိုးတွေ ခွင့်ပြုခဲ့ရတာဖြစ်ပြီး ခံစစ်ပိုင်း အတော်လေး ကျစ်လစ်လို့နေပါတယ်။

အသင်း(၂)သင်းလုံးရဲ့ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ မှတ်တမ်းတွေကို လေ့လာကြည့်မယ်ဆိုရင်တော့ ဂျာမနီယူ-၂၁အသင်းက နောက်ပိုင်းပြိုင်ပွဲတွေမှာ ဆီမီးဖိုင်နယ်အဆင့်လောက်အထိကို (၃)ကြိမ်တိုင်တိုင် တတ်လှမ်းထားခဲ့လို့ ဗိုလ်လုပွဲအဆင့်တွေနဲ့ ပိုပြီးတရင်းတနှီး ရှိနေနိုင်ပါတယ်။ ဒါပေမယ့်လည်း ဒီတစ်ကြိမ် ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ချန်ပီယံဖြစ်လာစေဖို့ အားကုန်ထုတ် ကစားသွားမယ့် ကြယ်ပွင့်ကစားသမားတွေနဲ့ ဝန်းရံထားတဲ့ ပေါ်တူဂီယူ-၂၁အသင်းကိုပဲ အားပေးသွားချင်ပါတယ်။