MySport Myanmar

ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်ကို ပယ်ချထားတဲ့ အဒေယေမီ ဒေါ့မွန်ကိုပဲ ရွေးချယ်ဖွယ်ရှိ

သြစတြီးယား နာမည်ကျော် ဘောလုံးကလပ်အသင်း ရက်ဘူးဆာလ်ဇ်ဘာ့ဂ်ရဲ့ ဂျာမနီတိုက်စစ်ကစားသမားလေး ကာရင်အဒေယမီကို မန်ချက်စတာယူနိုက်တက်အသင်းဘက်က မြောက်များလှစွာသော ကမ်းလှမ်းမှုတစ်ရပ်နဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဒီကမ်းလှမ်းမှုကို ပယ်ချသွားခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Mirror သတင်းမီဒီယာကြီးကနေ ဖော်ပြသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၂၀)အရွှယ်သာ ရှိနေသေးတဲ့ ဂျာမနီ လူငယ်တိုက်စစ်မှူးလေး အဒေယေမီဟာ ဘိုင်ယန်မြူးနစ် လူငယ်အသင်းမှာပါ (၂)နှစ်နီးပါးလောက် ပါဝင်ကစားခဲ့သူဖြစ်ပြီး သူရဲ့လက်ရှိကလပ် ဆာလ်ဇ်ဘာ့ဂ်အသင်းကိုတော့ ၂၀၁၈ခုနှစ်မှ စတင်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဟာလန်း ဟွမ်ဟီချန်တို့လို ကစားသမားကောင်းတွေ မွေးထုတ်ပေးနေကြ ကလပ်အသင်းဖြစ်တဲ့ ဆာလ်ဇ်ဘာ့ဂ်မှာ အဒေယေမီရဲ့ ခြေစွမ်းပိုင်းတွေက တစ်စစနဲ့ တောက်ပလာခဲ့ရပြီး ဒီနှစ်ဘောလုံးရာသီမှာဆိုရင်လည်း အသင်းအတွက် (၄၁)ပွဲကစား (၂၁)ဂိုး သွင်းယူထားနိုင်သလို ချန်ပီယံလိဂ်မှာပါ သွင်းဂိုး(၃)ဂိုးနဲ့ ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Scouted Football

ကလပ်အသင်းမှာ ခြေစွမ်းပြထားခဲ့သူ အဒေယေမီကို ဂျာမနီလက်ရွေးစင်နည်းပြ ဟန်ဆီဖလစ်က လက်ရွေးစင်အသင်းအတွက် ၂၀၂၁ခုနှစ်မှာပဲ စတင်ရွေးချယ်ခဲ့ပြီး လက်ရှိအချိန်ထိ (၃)ပွဲ ပါဝင်ထားရသလို သွင်းဂိုး(၁)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ အသက်ငယ်ရွှယ်ပြီး အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အဒေယေမီကို မန်ချက်စတာယူနိုက််တက် ဘိုင်ယန်မြူးနစ် လီဗာပူးလ်နဲ့ ဒေါ့မွန်အသင်းတွေက ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြသလို ယူနိုက်တက်အသင်းဘက်ပါ အဒေယေမီအတွက် တစ်ပတ်လုပ်ခ ပေါင်(၁)သိန်းခွဲဲနဲ့ ကမ်းလှမ်းမှု ပြုလုပ်လာခဲ့ရာ ကစားသမားဘက်က ပယ်ချသွားခဲ့ပြီး သူ့ကို အလိုရှိနေတဲ့ အသင်းတွေထဲကမှ လူငယ်ကစားသမားတွေအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်လာနိုင်တဲ့ ဒေါ့မွန်ကိုသာ ရွေးချယ်သွားချင်နေပါတယ်။ ဘွန်ဒစ်လီဂါကလပ် ဒေါ့မွန်ဟာလည်း အသင်းရဲ့ အဓိက ကြယ်ပွင့်ကစားသမား အာလင်းဟော်လန်းကို လာမယ့်နွေမှာ သေချာပေါက် လက်လွတ်ရတော့မှာဖြစ်လို့ သူ့နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် အဒေယေမီကို ဂျာမနီနိုင်ငံဆီ ပြန်လည်ခေါ်ဆောင်ချင်နေပြီး ဆွေးနွေးမှုတွေကိုလည်း တောက်လျှောက်လုပ်ဆောင်နေလျက် ရှိနေပါတယ်။

Exit mobile version