ကိုရိုနာဗိုင်းရပ်စ်ပြသာနာတွေကြားကနေ ပြီးခဲ့တဲ့တစ်ပတ်ကပဲ အောင်အောင်မြင်မြင်နဲ့ ပြန်လည်စတင်နိုင်ခဲ့တဲ့ ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲကတော့ ဒီတစ်ပတ်မှာ ပွဲစဉ်(၂၇)ကို ဆက်လက်ကျင်းပသွားမှာဖြစ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ်တွေလည်း ပါဝင်လို့နေပါတယ်။ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရမယ့်အသင်းတွေ ဥရောပဝင်ခွင့့်အတွက် အားပြိုင်ရမယ့်အသင်းတွေနဲ့ တန်းမဆင်းရဖို့ ရုန်းကန်ရမယ့်အသင်းတွေရဲ့ ပြိုင်ဆိုင်မှုတွေက ဒီတစ်ပတ်မှာလည်း မြိုင်ဆိုင်နေဦးမှာပါ။ ဒါဆို ဒီတစ်ပတ် ပွဲဲစဉ်တွေအကြောင်းကို သုံးသပ်ကြည့်ချင်ပါတယ်။

Photo Credit : Getty Image

မိုချန်ဂလာဘတ် နဲ့ လေဗာကူဆင် (စနေည၈နာရီ)
ဒီပွဲစဉ်က ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးသောပွဲ ဖြစ်လာနိုင်သလို ၂သင်းလုံးကလည်း ဘွန်ဒက်လီဂါ ပြန်လည်စတင်ချိန်မှာ အဝေးကွင်းနိုင်ပွဲကိုယ်စီ ရယူထားနိုင်ခဲ့ပါတယ်။ မိုချန်ရဲ့ တိုက်စစ်ကစားအားက လေဗာကူဆင်ထက် အနည်းငယ် သာလွန်တယ်ဆိုပေမယ့်လည်း အဝေးကွင်း ၅ပွဲဆက်တိုက် ရှုံးပွဲမရှိထားတဲ့ လေဗာကူဆင် ခြေစွမ်းကို လျှော့တွက်လို့မရပါဘူး။ ဧည့်သည်တို့ သရေတစ်မှတ်လောက် ရယူနိုင်ပါလိမ့်မယ်။

Photo Credit : Getty Image

ဝုလ်ဖ်ဘတ် နဲ့ ဒေါ့မွန် (စနေည၈နာရီ)
ရှော်ကေးနဲ့ Revierderby ပွဲမှာ ဂိုးပြတ်ဆော်ပလော်တီးခဲ့တဲ့ ဒေါ့မွန်အသင်းရဲ့ လုပ်အားတွေက အရမ်းကို ကောင်းမွန်နေတယ်။ ဒါပေမယ့် ခံစစ်ပိုင်းလေးကတော့ တချက်တချက်မှာ ဖရိုဖရဲနိုင်တတ်တဲ့ အကျင့်လေးရှိနေသေးတာတော့ ဂရုစိုက်ရမယ်။ ဒါပေမယ့်လည်း လုပ်အားအရမ်းကောင်းတဲ့ တိုက်စစ်က ဂိုးရဖို့ မပူရသလို တိုက်စစ်မှူးဟာလန်းကလည်း ဂိုးသွင်းခြေတွေနေသေးတာကြောင့် အိမ်ကွင်းမှာ ကစားပုံမဆိုးလှပေမယ့် ဒီတစ်ကြိမ်တော့ ဝုလ်ဖ်ဘတ်တို့ ဧည့်သည်ဒေါ့မွန်ကို အရေးနိမ့်နိုင်ပါတယ်။

Photo Credit : Getty Image

ဘိုင်ယန်မြူးနစ် နဲ့ ဖရန့်ဖတ် (စနေည၁၁နာရီ)
ဖရန့်ဖတ်ရဲ့ ကျဆင်းမှုက အံ့အားသင့်စရာကောင်းလောက်အောက်ပါပဲ။ အသင်းရဲ့ တိုက်စစ်မှာ ပုံမှန်ဂိုးသွင်းမယ့်သူမရှိတာ အသင်းကို ပိုထိခိုက်စေတယ်။ ဒီအချိန်မှာ ဘိုင်ယန်လို အသင်းကြီးမျိုးနဲ့ ဆုံနေရတာက သူတို့အတွက် ကံဆိုးတယ်လို့ ဆိုရမှာဖြစ်သလို ဘိုင်ယန်ကလည်း ပထမအကျော့မှာ သူတို့ကို ဂိုးပြတ်သမထားတဲ့ ဖရန့်ဖတ်ကို ကလဲ့စားချေချင်နေမှာပါ။ ဘိုင်ယန်က အူယွန်းကို အနိုင်ရခဲ့တဲ့ပွဲမှာ လိုအပ်ချက်တွေရှိနေသေးပေမယ့် ဒီပွဲမှာလည်း အနိုင်ရအောင်တော့ ကစားမှာပါ။ ဘိုင်ယန်အနိုင်သေချာပါတယ်။

Photo Credit : Getty Image

မိန့်ဇ် နဲ့ လိုက်ပ်ဇစ် (တနင်္ဂနွေည၈နာရီ)
စနေနေ့မှာ မိုချန်နဲ့ လေဗာကူဆင်တို့ ဆုံတွေ့ထားမှာဖြစ်လို့ ဒါကို လိုက်ပ်ဇစ်တို့ အခွင့်ကောင်းယူထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လိုက်ပ်ဇစ်ရဲ့ တဖြည်းဖြည်း ရလဒ်တွေ ကျဆင်းလာမှုက ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာစာအတွက်ကိုပါ ခြိမ်းခြောက်လာခဲ့လို့ပါပဲ။ အခုလည်း တန်းဆင်းဇုန်ကနေ ရုန်းထွက်ရမယ့် မိန့်ဇ်အသင်းရဲ့ အိမ်ကွင်းမှာ သွားကစားရမှာဖြစ်လို့ အဝေးကွင်းစွမ်းရည် ကျဆင်းနေတဲ့ လိုက်ပ်ဇစ်တို့ ထပ်ပြီးရုန်းကန်ရနိုင်ပါတယ်။ သရေနဲ့ပဲ အဆုံးသတ်နိုင်ပါတယ်။