ယခုနှစ် ဘောလုံးရာသီမှာ စပိန် အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ်အသင်း ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးအသင်းထံ ၁ရာသီ အငှားနဲ့ လာရောက် ကစားနေတဲ့ ဝေးလ်လက်ရွေးစင် အသင်းရဲ့ အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်ဟာ ယခုလအတွင်းမှာ ယှဉ်ပြိုင် ကစားမယ့် ယူရို ၂၀၂၀ပြိုင်ပွဲ အပြီးမှာ ဘောလုံး ကစားသမားဘဝ ကနေ အနားယူဖွယ် ရှိကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၃၁နှစ် အရွယ် ဝေးလ်လက်ရွေးစင် ဂါရတ်ဘေးလ်ဟာ ကမ္ဘာ့ထိပ်တန်း တောင်ပံ ကစားသမားတဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး အမြဲလိုလို ဒဏ်ရာ ပြဿနာတွေ ရှိတတ်ပေမယ့် ဒဏ်ရာကနေ ပြန်လည် သက်သာလာတိုင်း အကောင်းဆုံး ပုံစံကို ပြသနိုင်တဲ့ ကစားသမားပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဂါရတ်ဘေးလ်ဟာ ဘောလုံးသမား တဦး အတွက် အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်နိုင်တဲ့ အသက်အရွယ်ကို ရောက်ရှိနေသူ ဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေဟာ သူ့ရဲ့ ကစားသမားဘဝကို စောစောစီးစီး အဆုံးသတ်ဖို့ တွန်းအားပေးနေတဲ့ အရာတွေပဲ ဖြစ်ပါတယ်။ ဂါရတ်ဘေးလ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ စပါးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၆၆၇ မိနစ်သာ ကစားခဲ့ရပေမယ့် သွင်းဂိုး ၁၆ဂိုး အထိ သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ်လည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်ပဲ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ နည်းပြသစ် ဖြစ်သူ အန်ဆလော့တီက ဂါရတ်ဘေးလ်ကို လာမယ့် ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ် အသင်းရဲ့ လူစာရင်းထဲမှာ ထည့်သွင်း အသုံးပြုမှာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဒါပေမယ့် Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂါရတ်ဘေးလ်ဟာ သူ့ရဲ့ ကစားသမားဘဝကို အဆုံးသတ်ဖို့ စတင် စဉ်းစားနေပြီ ဖြစ်သလို ဝေးလ်လက်ရွေးစင်အသင်း အတွက် ပါဝင် ကစားပေးမယ့် ယူရို ၂၀၂၀ပြိုင်ပွဲဟာ သူ့ရဲ့ ကစားသမားဘဝ နောက်ဆုံး ကစားတဲ့ ပြိုင်ပွဲတခု ဖြစ်နိုင်ကြောင်း သိရပါတယ်။ ဂါရတ်ဘေးလ်ဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ် ကျန်ရှိနေသေးပေမယ့် လက်ကျန် စာချုပ်ကို ဖျက်သိမ်းပေးဖို့ ရီးရဲလ်မက်ဒရစ် အသင်းထံ တောင်းဆိုဖွယ် ရှိကြောင်း Marca သတင်းဌာနက ဆိုပါတယ်။ အတည်မပြုနိုင်တဲ့ သတင်းတွေအရ ဂါရတ်ဘေးလ်ဟာ ဘောလုံး ကစားသမားဘဝ ကနေ အနားယူပြီးနောက် သူ ဝါသနာပါတဲ့ ဂေါ့ဖ်ကစားသမား အဖြစ် ဆက်လက် ရပ်တည်နိုင်ကြောင်း သိရှိရပါတယ်။