ဝက်ဖို့ဒ် နည်းပြ ပီယာဆန်ကတော့ တောင်ပံ ကစားသမား ဒယ်လိုဖူအနေနဲ့ ဒူးဒဏ်ရာကြောင့် ယခုနှစ် ရာသီကုန်အထိ နားရတော့မှာ ဖြစ်တယ်လို့ အခိုင်အမာ ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဝက်ဖို့ဒ် တောင်ပံ ကစားသမား ဒယ်လိုဖူဟာ လီဗာပူးလ်အသင်းကို (၃-ဝ) နဲ့ အနိုင်ရသွားခဲ့တဲ့ ပွဲစဉ်မှာ ဒူးဒဏ်ရာ ရရှိခဲ့တာကြောင့် လက်ရှိ ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ နည်းပြ ပီယာဆန်ရဲ့ ဝက်ဖို့ဒ်အသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ပွဲစဉ်မှာ ဆားရလ်ရဲ့ သွင်းဂိုး (၂) ဂိုး နဲ့ ဒီယာနေးရဲ့ သွင်းဂိုး (၁) ကြောင့် လီဗာပူးလ်အသင်းကို (၃-ဝ) နဲ့ အနိုင်ရခဲ့ပါတယ်။

 

Photo Credit: SkySports

ဝက်ဖို့ဒ် တောင်ပံ ကစားသမား ဒယ်လိုဖူဟာ ပထမပိုင်းက ပွဲကစားချိန် (၃၅) မိနစ်ဝန်းကျင်မှာ လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ကို ကျော်ဖြတ်ဖို့ ကြိုးစားခဲ့ရာမှာ ဒူးဒဏ်ရာ ရရှိသွားခဲ့ပါတယ်။ စပိန်နိုင်ငံသား ဒယ်လိုဖူအနေနဲ့ လက်ရှိရာသီမှာ ဝက်ဖို့ဒ်အသင်းအတွက် ပရီးမီးယားလိဂ် ပွဲစဉ် (၂၈) ပွဲ ကစားထားရာမှာ သွင်းဂိုး (၄) ဂိုး နဲ့ ဂိုးဖန်တီးမှု (၅) ကြိမ်အထိ ပြုလုပ်ထားခဲ့ပါတယ်။ နည်းပြ ပီယာဆန်ကတော့ ဒယ်လိုဖူဟာ ဝက်ဖို့ဒ်အသင်းအတွက် အရေးကြီးတဲ့ ကစားသမား ဖြစ်ကြောင်း နဲ့ လက်ရှိရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်ကြောင်း ပြောသွားခဲ့ပါတယ်။

Photo Credit: SkySports

ဝက်ဖို့ဒ် နည်းပြ ပီယာဆန်က “ကျွန်တော်တို့အတွက် ကံဆိုးမှုကတော့ ဓါတ်မှတ်ရလဒ်က သူ ရာသီကုန်အထိ နားရတော့မယ်လို့ ဖော်ပြခဲ့တာပါပဲ။ ဓါတ်မှတ်ရလဒ်က သူ ဒဏ်ရာရခဲ့တာကို ပြသခဲ့ပြီး ဒါက ကျွန်တော်တို့အတွက် တကယ် ဆိုးရွားတဲ့ အဖြစ်အပျက်ပါပဲ။ ဘာလို့လဲဆိုရင် သူက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ ကစားသမား ဖြစ်လို့ပါ။ သူက တကယ် ကောင်းတဲ့ ကစားသမားပါ။ ပွဲကစားနေတဲ့ အချိန်မှာ အသင်းဖော်တစ်ဦးက ဒဏ်ရာရပြီဆိုရင် တကယ်ကို စိတ်မကောင်းစရာ ဖြစ်ပါတယ်”လို့ တနင်္ဂနွေနေ့ နေ့လည်ပိုင်းက ပြောသွားခဲ့တာ ဖြစ်ပါတယ်။ နည်းပြ ပီယာဆန်ရဲ့ ဝက်ဖို့ဒ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းရဲ့ ရှုံးပွဲမရှိ စံချိန်ကို ရပ်တန့်ခဲ့ပြီး လာမယ့် ပွဲစဉ်အဖြစ် ပဲလေ့စ်အသင်းနဲ့ ကစားသွားရမှာ ဖြစ်ပါတယ်။