MySport Myanmar

ပဲရစ်ကနေ ရောမမြို့ဆီကို ပြောင်းရွှေ့လာဖို့ သဘောတူညီမှု ရရှိသွားခဲ့တဲ့ ဝိုင်နယ်လ်ဒမ်းစ်

ပီအက်စ်ဂျီအသင်းရဲ့ နယ်သာလန် ကွင်းလယ်ကစားသမား ဂျီနီဝိုင်နယ်လ်ဒမ်းစ်ဟာ ပွဲကစားခွင့်တွေ ပိုမို ရရှိဖို့အတွက် ဒီနှစ် နွေဈေးကွက်ထဲမှာ အသင်းပြောင်းရွှေ့ဖို့ ဆန္ဒရှိနေရာ လက်ရှိမှာတော့ ရောမမြို့ အခြေစိုက် ရိုးမားအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာဖို့အတွက် ပီအက်စ်ဂျီဘက်ကနေ သဘောတူညီလိုက်ပြီလို့ သိရှိရပါတယ်။

Photo Credit : Daily Star

လီဗာပူးလ်အသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးသွားလို့ လီဂူး ထိပ်သီးကလပ် ပီအက်စ်ဂျီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့သူ နယ်သာလန် လက်ရွေးစင် ကစားသမား ဝိုင်နယ်လ်ဒမ်းစ်ဟာ အသင်းမှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရတဲ့အပြင် ဒီရာသီမှာပါ အသင်းဘက်က ပေါ်တူဂီ ကွင်းလယ်လူ ဗီတင်ညာကို ခေါ်ယူထားခဲ့သလို နောက်ထပ် ကွင်းလယ်လူ ရီနာတိုဆန်းချက်စ်ကိုပါ ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့အတွက် ဝိုင်နယ်လ်ဒမ်းစ်အနေနဲ့ ပွဲချိန်များစွာ ကစားရဖို့အတွက် အသင်းနဲ့ လမ်းခွဲချင်လာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sports Mole

ဒီလို အနာဂတ် မရေမရာ ဖြစ်နေတဲ့ ဝိုင်နယ်လ်ဒမ်းစ်ကို နာမည်ကျော် ဘောလုံးနည်းပြကြီး ဂျိုဆေးမော်ရင်ဟိုက သူရဲ့ ရိုးမားအသင်းဆီ တစ်ရာသီ အငှားစာချုပ်နဲ့ ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ရာ အခုဆိုရင် အပြောင်းအရွှေ့ အထမြောက်ဖို့က လုံးဝ သေချာသွားခဲ့ရပြီ ဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ရိုးမားအသင်းကို ယူရိုပါကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ ချန်ပီယံ ဖြစ်လာအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူဖြစ်ပြီး ဒီနှစ်နွေမှာလည်း ဒီဘားလား မာတစ်တို့လို ကစားသမားကောင်းတွေ ခေါ်ယူအားဖြည့်ထားကာ လာမယ့်ရာသီအတွက် အကောင်းဆုံး တည်ဆောက်နေပါတယ်။ အခုလည်း ဘောလုံး အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့ ကွင်းလယ်ကစားသမား ဝိုင်နယ်လ်ဒမ်းစ်ကို အသင်းရဲ့ လူစာရင်းမှာ ထပ်မံ ဖြည့်တင်းနိုင်တော့မှာဖြစ်လို့ လာမယ့်ရာသီ ရိုးမားအသင်းရဲ့ squad က အလွန်ကို စိတ်ဝင်စားဖို့ကောင်းနေမှာ သေချာပါတယ်။ အသက်(၃၁)နှစ်အရွယ်ရှိ ကွင်းလယ်လူ ဝိုင်နယ်လ်ဒမ်းစ်ဟာ ဖီယင်နု လူငယ်အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး စီနီယာ ကစားသမားဘဝအတွင်း ဖီယင်နု PSV နယူးကာဆယ်နဲ့ လီဗာပူးလ်အသင်းတွေမှာ ပါဝင်ခဲ့ဖူးသလို လီဗာပူးလ်အသင်းနဲ့ ချန်ပီယံလိဂ် ပရီးမီးယားလိဂ်ဖလားတွေကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။

Exit mobile version