ပုံမှန် ပွဲကစားခွင့်တွေ လိုအပ်နေပြီး သူ ယခင် ကျင်လည်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကိုပါ ပြန်သွားချင်တယ်လို့ ထုတ်ဖော်ပြောဆိုလို့ထားတဲ့ ပီအက်စ်ဂျီ ကွင််းလယ်ကစားသမား ဝိုင်နယ်လ်ဒမ်းကို သူရဲ့ ကလပ်အသင်းဟောင်း နယူးကာဆယ်ယူနိုက်တက်အသင်းအပြင် အာဆင်နယ်အသင်းကလည်း ခေါ်ယူသွားချင်နေတယ်လို့ ဗြိတိန်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football London

အသက်(၃၁)နှစ်အရွှယ်ရှိတဲ့ နယ်သာလန်လက်ရွေးစင် ဝါရင့်ကွင်းလယ်ကစားသမား ဝိုင်နယ်လ်ဒမ်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်မှာပဲ လီဗာပူးလ်အသင်းကနေ ပီအက်စ်ဂျီအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေး (၃)နှစ်စာချုပ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပေမယ့်လည်း ပြင်သစ်ထိပ်တန်း ကလပ်အသင်းအတွက် လီဂူး(၁၇)ပွဲ ပါဝင်ထားခဲ့ရာ (၁၀)ပွဲကိုပဲ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ထားခဲ့ရတဲ့အပေါ် ကစားသမားကိုယ်တိုင် စိတ်ပျက်လို့နေပြီး ပီအက်စ်ဂျီမှာ မပျော်ရွှင်ဘူးလို့လည်း ဝန်ခံပြောဆိုထားခဲ့ပါတယ်။ ဒီလို ပြောဆိုချက်တွေအပြင်် သူ ကျင်လည်ခဲ့ဖူးတဲ့ အင်္ဂလန်မြေက ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကိုပါ ပြန်သွားချင်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့တာကြောင့် သူ့ကို ခေါ်ယူချင်နေတဲ့ အသင်းတွေအတွက် မီးစိမ်းပြသလိုပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : 90Min

Sky Sportsရုပ်သံကနေ ဖော်ပြလာချက်တွေအရ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြန်လာချင်နေတဲ့ ဝိုင်နယ်လ်ဒမ်းကို သူရဲဲ့အသင်းဟောင်း နယူးကာဆယ်နဲ့ အာဆင်နယ်အသင်းတွေကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေကြတယ်လို့ သိရပါတယ်။ နယူးကာဆယ်အသင်းကတော့ ရာသီအကုန်မှာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းသွားရဖို့အတွက် အခု စျေးကွက်အတွင်းမှာပဲ ကစားသမားသစ်တွေကို ခေါ်ယူအားဖြည့်ရဖို့ ရှိလို့နေပြီး ကစားသမားဟောင်း ဝိုင်နယ်လ်ဒမ်းကိုပါ ပြန်လည်ခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းကလည်း ပါတေး အယ်လ်နီနီတို့လို့ ကွင်းလယ်လူတွေကို အာဖရိကပြိုင်ပွဲဆီ စေလွှတ်ထားသလို အသင်းရဲ့ ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းချင်နေတာကြောင့် ဝိုင်နယ်လ်ဒမ်းလို ပရီးမီးယားလိဂ် အတွေ့အကြုံရှိ ကစားသမားမျိုးကို အလိုရှိနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဘက်ကတော့ သူတို့ကစားသမားကို အပြီးသတ် လက်လွတ်သွားဖို့ ဆန္ဒမရှိပဲ ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်အထိကိုပဲ ရေတိုအငှားနဲ့သာ လက်လွတ်ဖွယ် ရှိနိုင်ပါတယ်။