ဘာစီလိုနာအသင်းရဲ့နည်းပြသစ်ဖြစ်လာခဲ့တဲ့ နယ်သာလန်လူမျိုး ဘောလုံးနည်းပြ ရော်နယ်ကိုးမန်းဟာ အသင်းကို စတင်ကိုင်တွယ်ပြီးချိန်မှာ အသင်းအတွက် ကစားသမားအင်အားဖြည့်တင်းမှုအဖြစ် သူနဲ့ နယ်သာလန်လက်ရွေးစင်အသင်းမှာ တွဲဖက်လုပ်ကိုင်ခဲ့ဖူးတဲ့ ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ကို လီဗာပူးလ်အသင်းကနေ ခေါ်ယူသွားဖို့အတွက် သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီဖြစ်တယ်လို့ စပိန်နိုင်ငံဘက်ကနေ ထုတ်ပြန်လာတဲ့ သတင်းတွေအရ သိရှိခဲ့ရပါတယ်။

Photo Credit : Daily Mail

အသက်(၂၉)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် ကွင်းလယ်ကစားသမား ဝိုင်နယ်ဒန်ဟာ လီဗာပူးလ်အသင်းရဲ့အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး နည်းပြယာဂင်ကလော့ အသင်းမှာ အထူးခြေစွမ်းပြသနိုုင်ခဲ့ကာ အသင်းနဲ့အတူ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ဖလားတို့ကိုလည်း အရယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဝိုင်နယ်ဒန်နဲ့ လီဗာပူးလ်အသင်းတို့ကြားမှာ စာချုပ်သက်တမ်းက တစ်နှစ်သာ ကျန်ရှိနေတော့တာဖြစ်ပြီး လက်ရှိအချိန်ထိလည်း သက်တမ်းတိုးမယ့်ကိစ္စက ကြန့်ကြာလျက်သာရှိနေသေးတာကြောင့် ဒီအခြေအနေကို ဘာစီလိုနာဘက်ကနေ အခွင့်ကောင်းယူသွားဖို့ ကြိုးပမ်းလာခဲ့တာဖြစ်ပါတယ်။

Photo Credit : Daily Mail

ထွက်ပေါ်နေတဲ့သတင်းတွေအရ ဝိုင်နယ်ဒန်ကို ခေါ်ယူဖို့ ဘာစီလိုနာဘက်ကနေ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း အင်္ဂလန်ကနေ စပိန်နိုင်ငံကို ပြောင်းရွှေ့ကစားဖို့အတွက် ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တဲ့ ဝိုင်နယ်ဒန်ကို ဘာစီလိုနာဘက်ကနေ ပြောင်းရွှေ့ကြေးအဖြစ် ပေါင်(၁၈)သန်းထက် ပိုမိုပေးချေသွားဖွယ်မရှိပေမယ့် လီဗာပူးလ်ကတော့ ပေါင်သန်း(၃၀)လောက်အထိ အလိုရှိလို့နေပါတယ်။ ဘာကြောင့်လဲဆိုတော့ လီဗာပူးလ်အသင်းရဲ့နွေရာသီ အဓိကပစ်မှတ်ဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်ကစားသမား သီယာဂိုအယ်ကန်တာရာရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင်သန်း(၃၀)ဝန်းကျင်ရှိနေတာဖြစ်ပြီး လတ်တလောမှာလည်း မန်ချက်စတာယူနိုက်တက်အသင်းကပါ သီယာဂိုကို ခေါ်ယူသွားဖို့အတွက် ကြားဖြတ်ကြိုးစားလာခဲ့တာဖြစ်လို့ ဝိုင်နယ်ဒန်ကို အသင်းကနေ အမြန်ရောင်းချကာ သီယာဂိုကို ခေါ်ယူဖွယ်ရှိနေပါတယ်။ လီဗာပူးလ်အသင်းက ဒီရာသီမှာ အိုလံပီယာကော့စ်အသင်းရဲ့ နောက်ခံအစွန်လူ ဆီမီကတ်စ်ကိုပဲ ခေါ်ယူထားခဲ့ရသေးသလို ဘာစီလိုနာကလည်း ဘရာဂါတိုက်စစ်ကစားသမား ထရန်ကာအိုတစ်ယောက်တည်းပဲ ခေါ်ယူထားနိုင်ခဲ့ပါသေးတယ်။