MySport Myanmar

ရိုနယ်ဒိုကို ဇိမ်ခံကားကြီး တစီး မွေးနေ့လက်ဆောင် ပေးပြီး စပရိုက်တိုက်ခဲ့တဲ့ ဂျော်ဂျီနာ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ပေါ်တူဂီ အသင်းတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုရဲ့ အတူနေ ချစ်သူ ဂျော်ဂျီနာဟာ ရိုနယ်ဒိုရဲ့ အသက် ၃၇နှစ်ပြည့် မွေးနေ့အတွက် ဇိမ်ခံကားကြီး တစီးကို မွေးနေ့လက်ဆောင် အဖြစ် ပေးပြီး ရိုနယ်ဒိုကို အံ့ဩပျော်ရွှင်အောင် လုပ်ပေးခဲ့ကြောင်း သိရပါတယ်။

ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမား ၅ဦး စာရင်းဝင်သူ အဖြစ် သတ်မှတ်ခံထားရတဲ့ ခရစ္စတီယာနို ရိုနယ်ဒိုဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၅ရက်နေ့မှာပဲ အသက် ၃၇နှစ် ပြည့်သွားခဲ့တာပါ။

Photo Credit: The Mirror

 

ရိုနယ်ဒိုဟာ သူ့ရဲ့ အသက် ၃၇နှစ်ပြည့် မွေးနေ့ကို အရင်းနှီးဆုံး မိတ်ဆွေ သူငယ်ချင်းတွေ ၊ မိသားစုဝင်တွေနဲ့ အတူ ဖြတ်သန်းခဲ့ပြီး သူ့ရဲ့ မွေးနေ့ပွဲမှာတော့ ဂျော်ဂျီနာက ရိုနယ်ဒိုကို ပေါင် ၇၅၀၀၀တန် ဇိမ်ခံကားကြီး တစီး လက်ဆောင်ပေးခဲ့ပါတယ်။

ဂျော်ဂျီနာဟာ ရိုနယ်ဒိုကို မွေးနေ့လက်ဆောင် ပေးဖို့ မေ့နေသယောင် ဟန်ဆောင်ပြီးမှ Cadillac Escalade SUVကား ဖွက်ထားရာ နေရာဆီ ခေါ်လာပြီး ရိုနယ်ဒိုကို စပရိုက် တိုက်ကာ တန်ဖိုးမြင့် ဇိမ်ခံကားကြီးကို လက်ဆောင် ပေးခဲ့တာပါ။

Photo Credit: The Mirror

ရိုနယ်ဒိုဟာ ဂျော်ဂျီနာဆီ ကနေ လက်ဆောင် ရရှိချိန်မှာ အပျော်ကြီး ပျော်နေခဲ့ပြီး ဂျော်ဂျီနာရဲ့ ကားထဲကို ကိုယ်တိုင် ဝင်ရောက်ကာ စမ်းသပ် မောင်းနှင်မှုတွေ ပြုလုပ်ခဲ့သလို ဂျော်ဂျီနာကိုလည်း ကြင်ကြင်နာနာ ပွေ့ဖက်ခဲ့တာကို သူတို့ရဲ့ အမှတ်တရ ဗွီဒီယိုထဲမှာ မြင်တွေ့ခဲ့ရပါသေးတယ်။

ဂျော်ဂျီနာဟာ ရိုနယ်ဒိုကို ဇိမ်ခံကားကြီး မွေးနေ့လက်ဆောင် အဖြစ် ပေးခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ဗွီဒီယိုဖိုင်ကို သူမရဲ့ အင်စတာဂရမ် အကောင့်မှာ တင်ခဲ့ပြီး ရိုနယ်ဒိုကို မွေးနေ့ဆုတောင်း ပေးခဲ့ပါသေးတယ်။ ဂျော်ဂျီနာက – “Happy 37TH Birthdayပါ အသက်တမျှ ချစ်ရတဲ့သူကြီးရေ။ ရှင်က ကမ္ဘာပေါ်မှာ အကောင်းဆုံး အဖေ တယောက် ဖြစ်သလို ကျွန်မတို့ မိသားစု အတွက် ဘုရားသခင်က ပေးအပ်ခဲ့တဲ့ အကောင်းဆုံး အဖော်မွန်ပါ။ ရှင်က သူရဲကောင်း တယောက် ဖြစ်သလို အကောင်းဆုံး ဆိုတဲ့ အရာတွေနဲ့ ထိုက်တန်ပါတယ်။ ရှင်က ပြီးပြည့်စုံသလို လေးစား အတုယူထိုက်တဲ့ လူသား တယောက်ပါ” လို့ ရိုနယ်ဒိုကို မွေးနေ့ဆုတောင်း ပေးခဲ့တာပါ။

Exit mobile version