မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုသက်တမ်း ကုန်ဆုံးပြီးကတည်းက လက်ရှိအချိန်အထိ ကလပ်အသင်းလက်မဲ့ ကစားသမားတစ်ဦး ဖြစ်နေရတဲ့ ဂိုးသမားကြီး ဒေးဗစ် ဒီဂီယာကို အီတလီ စီးရီးအေကလပ် ဂျီနိုအာအသင်းကနေ ခေါ်ယူသွားဖို့ ချိန်ရွယ်လျက် ရှိနေတယ်လို့ နာမည်ကျော် အီတလီ ဘောလုံးသတင်းထောက် ဒီမာဇီယိုက သတင်းဖော်ပြလာခဲ့ပါတယ်။

အသက် (၃၃)နှစ်အရွယ် စပိန်လက်ရွေးစင်ဟောင်း ဂိုးသမား ဒီဂီယာဟာ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအပြီးမှာပဲ ဆယ်စုနှစ်တစ်ခုကျော်အောင် ကျင်လည်ခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ရတာကြောင့် အသင်းကနေ အလွတ်နဲ့ ထွက်ခွာလာခဲ့ရပြီး အခုအထိ ကလပ်အသင်းသစ် မရှိသေးပဲ free agent player အဖြစ်သာ ရှိနေပါတယ်။

Photo Credit : Goal

နောက်ပိုင်းနှစ်တွေထဲ လက်စွမ်းပိုင်း ကျဆင်းမှုတွေ ရှိခဲ့ပေမယ့် ဒီဂီယာက ကမ္ဘာ့အဆင့် ထိပ်တန်းဂိုးသမားတစ်ဦး ဖြစ်ခဲ့သလို သူရဲ့ အံ့မခန်း ဂိုးကာကွယ်မှုတွေဟာလည်း အလွန်ကောင်းမွန်လှပါတယ်။ ဒါကြောင့်လည်း ဆော်ဒီကလပ် ၊ မေဂျာလိဂ်ကလပ်တွေနဲ့ ဥရောပ ကလပ်အသင်းတချို့က ဒီဂီယာကို ခေါ်ယူဖို့ ချဉ်းကပ်ခဲ့သေးပေမယ့်လည်း အဆင်မပြေမှုတွေသာ ရှိခဲ့ရပါတယ်။

အဓိကတော့ ဒီဂီယာကို နံပါတစ် ဂိုးသမားနေရာအတွက် အာမခံချက် မပေးနိုင်တာနဲ့ သူရဲ့မြင့်မားတဲ့ လုပ်ခလစာကို မပေးချေနိုင်တာတွေက သူ့ကို ခေါ်ယူဖို့ ခက်ခဲစေရတဲ့ အချက်တွေ ဖြစ်နိုင်သလို ဒီဂီယာ ကိုယ်တိုင်ကလည်း မေဂျာလိဂ် ဆော်ဒီလိဂ်တွေထက် ဥရောပဘောလုံးရပ်ဝန်းမှာပဲ ကစားသမားဘဝကို ဆက်လက် ဖြတ်သန်းနေချင်ပါတယ်။

Photo Credit : Yardbarker

လက်ရှိမှာတော့ အီတလီ စီးရီးအေပြိုင်ပွဲရဲ့ သက်တမ်းရင့် ကလပ်အသင်းဖြစ်တဲ့ ဂျီနိုအာအသင်းက သူတို့သင်းရဲ့ ဂိုးသမားဖြစ်သူ ဂျိုးဆက် မာတီနက်ဇ်ကို အင်တာမီလန်အသင်းဆီ ရောင်းချခဲ့ရပြီးချိန်မှာ အသင်းနည်းပြ အယ်လ်ဘာတို ဂီလာဒီနိုက အသင်းလက်မဲ့ ဖြစ်နေတဲ့ ဂိုးသမား ဒီဂီယာကို ခေါ်ယူသွားဖို့ မျက်စိကျလာခဲ့တာပဲ ဖြစ်ပါတယ်။

အသင်းရဲ့ ပင်တိုင် ဂိုးသမားတစ်ဦး လက်လွတ်ထားရတဲ့ ဂျီနိုအာက ဒီဂီယာကို မာတီနက်ဇ်နေရာအတွက် တိုက်ရိုက် အစားထိုးမှာဖြစ်လို့ ဒီဂီယာအနေနဲ့ ပွဲထွက်ဂိုးသမားနေရာကနေပဲ ကစားရဖို့ သေချာပေါက် အာမခံချက်ရှိမှာဖြစ်ပြီး လစာကိစ္စသာ အဆင်ပြေဖို့ပဲ လိုအပ်ပါမယ်။ ဒါပေမယ့် မေဂျာလိဂ်က ကလပ်အသင်းတွေကလည်း ဒီဂီယာကို မက်မောလောက်စရာ လစာမျိုးတွေနဲ့ ကမ်းလှမ်းထားသေးတာမို့ ဒီဂီယာတစ်ယောက် ဘယ်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်မလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။