ဒီတပတ်ထဲမှာပဲ ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးရဲ့ နည်းပြသစ် ဖြစ်လာတော့မယ့် ဖီယင်နုနည်းပြ ဆလော့တ်က ရာသီကုန်ချိန်မှာ လီဗာပူးဆီ ပြောင်းရွှေ့တဲ့အခါ သူ့ရဲ့ အားကိုးရတဲ့ တပည့်လည်းဖြစ် ၊ ဖီယင်နုရဲ့ အသင်းခေါင်းဆောင်လည်း ဖြစ်တဲ့ ဂျီထရုဒါကိုပါ တပါထဲ ခေါ်ယူသွားဖို့ စီစဉ်နေကြောင်း နယ်သာလန်အခြေစိုက် သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၄၅နှစ် အရွယ် နယ်သာလန်လူမျိုး နည်းပြချုပ် အာနီ ဆလော့တ်က ၂၀၂၁ခုနှစ်မှ စတင်ကာ ဖီယင်နုကို တာဝန်ယူ ကိုင်တွယ်ခဲ့သူ ဖြစ်ပြီး သူက ၄နှစ်တာ ကာလအတွင်းမှာ ဖီယင်နုအတွက် နယ်သာလန် လိဂ်ချန်ပီယံဆု ၁ကြိမ်နဲ့ နယ်သာလန် ရှုံးထွက်ဖလား ၁ကြိမ်တို့ကို ရယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Standard

အာနီ ဆလော့တ်က ကြယ်ပွင့် ကစားသမားတွေ မရှိတဲ့ ဖီယင်နုကို နယ်သာလန်မှာရော ၊ ဥရောပမှာပါ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ရရှိအောင် ဦးဆောင်ပေးနိုင်ခဲ့တာကြောင့် ရာသီကုန်ချိန်မှာ နည်းပြချုပ် ယာဂင် ကလော့ပ်နဲ့ လမ်းခွဲရတော့မယ့် လီဗာပူးက ဆလော့တ်ကို နည်းပြသစ် အဖြစ် လုပ်ကိုင်ပေးဖို့ ကမ်းလှမ်းခဲ့ပြီး ဆလော့တ်ကလည်း လီဗာပူးထံ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ခဲ့ပါတယ်။

လီဗာပူးက ဆလော့တ်နဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိပြီးနောက် ဆလော့တ်ရဲ့ အပြောင်းအရွှေ့ အတွက် ဖီယင်နုနဲ့ ဆက်လက် ဆွေးနွေးခဲ့ရာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညပိုင်းမှာ အပြီးသတ် သဘောတူညီမှု ရရှိခဲ့တာကြောင့် လီဗာပူးနဲ့ ဖီယင်နုတို့က ယခုတပတ် အတွင်းမှာပဲ ဆလော့တ်ရဲ့ အပြောင်းအရွှေ့ အတွက် တရားဝင် ကြေညာမှုတွေ လုပ်ဖို့ စီစဉ်နေကြပါပြီ။

ဆလော့တ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ သေချာသွားပြီးနောက် လီဗာပူးရဲ့ တာဝန်ရှိသူတွေက ဆလော့တ်နဲ့ အစည်းအဝေးတွေ အကြိမ်ကြိမ် လုပ်ကာ လာမယ့် နွေဈေးကွက် အတွင်းမှာ ခေါ်ယူမယ့် ကစားသမားသစ်တွေနဲ့ အနာဂတ် အစီအစဉ်တွေကို ဆွေးနွေးမှုတွေ လုပ်ခဲ့ကြပြီး ဆလော့တ်က သူ လိုချင်တဲ့ ကစားသမားစာရင်းကို လီဗာပူးရဲ့ တာဝန်ရှိသူတွေဆီ ပေးပို့ထားပါတယ်။

Photo Credit: Team Talk

နာမည်ကြီး နယ်သာလန် သတင်းထောက် တဦး ဖြစ်သူ ဗန်ဒီကရန်ရဲ့ ဖော်ပြချက်အရ ဆလော့တ်က လီဗာပူးဆီ ပြောင်းရွှေ့ချိန်မှာ သူ ယုံကြည်ရတဲ့ ဖီယင်နု ကစားသမား တချို့ကိုပါ တပါထဲ ခေါ်ယူသွားဖို့ စဉ်းစားနေပြီး ဖီယင်နု အသင်းခေါင်းဆောင် ဂျီထရုဒါရဲ့ လီဗာပူးဆီ ပြောင်းရွှေ့နိုင်ချေဟာ အတော်လေး မြင့်မားနေကြောင်း သိရှိရပါတယ်။

အသက် ၂၃နှစ် အရွယ် ဖီယင်နုအသင်းခေါင်းဆောင် ဂျီထရုဒါက ညာနောက်ခံနေရာမှာ အဓိက ကစားလေ့ ရှိပေမယ့် လိုအပ်ရင် ဗဟိုခံစစ်နဲ့ ကွင်းလယ်ခံစစ် နေရာတွေမှာပါ ကစားနိုင်စွမ်း ရှိတဲ့ စွယ်စုံရ ကစားသမား တဦး ဖြစ်ပြီး သူက ယခုနှစ် ဘောလုံးရာသီမှာ ဖီယင်နု အတွက် ပြိုင်ပွဲစုံမှာ ၄၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပြီး သူ့ရဲ့ တန်ကြေးကတော့ ယူရို ၃၅သန်း ဝန်းကျင် ရှိပါတယ်။