ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အိုဆာဆူနာနဲ့ ဘာစီလိုနာတို့ရဲ့ စပိန် လာလီဂါပွဲစဉ်မှာ ဘာစီလိုနာရဲ့ လူငယ်ကြယ်ပွင့် ဂါဗီက ပွဲကစားနေရင်း နားရွက်ကွဲသွားခဲ့ပေမယ့် အသင်းအတွက် ပွဲပြီးဆုံးချိန် အထိ တိုက်ပွဲဝင် ကစားပေးသွားခဲ့ကြောင်း သိရပါတယ်။

လာလီဂါပွဲစဉ်(၄) အဖြစ် ယှဉ်ပြိုင် ကစားခဲ့တဲ့ အိုဆာဆူနာနဲ့ ဘာစီလိုနာတို့ရဲ့ ပွဲစဉ်မှာ ၂သင်းစလုံးက အဓိက ကစားသမား အစုံအလင်ကို ထုတ်သုံးကာ ကစားခဲ့တာကြောင့် ပွဲက အတော်လေး အကြိတ်အနယ် ရှိခဲ့ပြီး အိမ်ရှင် အိုဆာဆူနာက မာမာထန်ထန် ကစားခဲ့တာကြောင့် ဧည့်သည် ဘာစီလိုနာတို့ အနိုင်ရဖို့ အတွက် အတော်လေး ရုန်းကန်ခဲ့ရပါတယ်။

အဆိုပါပွဲမှာ ဘာစီလိုနာနည်းပြချုပ် ဇာဗီက ၄-၄-၂ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှူး လီဝမ်ဒေါစကီးနဲ့ ယာမယ်တို့ကို အထောင်ထားကာ ဒီဂျောင် ၊ ဂါဗီ ၊ ရိုမီယူနဲ့ ဂန်ဒိုဂန်တို့ကို ကွင်းလယ်မှာ နေရာချပေးခဲ့ပြီး ခံစစ်ပိုင်းမှာတော့ ဘလိတ် ၊ ခရစ်တန်ဆန် ၊  ခွန်ဒေနဲ့ ရော်ဘတ်တိုတို့ကို သုံးစွဲခဲ့ပါတယ်။

Photo Credit: Standard

ပုံမှန် ကစားနေကြ ၄-၃-၃နဲ့ မဟုတ်ပဲ ၄-၄-၂နဲ့ ပွဲထွက်လာခဲ့တာကြောင့် ဘာစီလိုနာက ဘောလုံးပိုင်ဆိုင်မှု ပိုရခဲ့ပေမယ့် တိုက်စစ်ဆင်တဲ့ အပိုင်းမှာ အခက်အခဲတွေ ရှိခဲ့ပြီး ပွဲချိန် ၄၅+၁မိနစ်မှာ ဂန်ဒိုဂန်ရဲ့ ပေးပို့မှုကနေ ခွန်ဒေက ဘာစီလိုနာ အတွက် ဦးဆောင်ဂိုးကို ခက်ခက်ခဲခဲ သွင်းယူပေးခဲ့ပါတယ်။

ဒါပေမယ့် ပွဲချိန် ၇၆မိနစ်မှာ အဗီလာက အိမ်ရှင် အိုဆာဆူနာအတွက် ချေပဂိုး ပြန်သွင်းပေးခဲ့တာကြောင့် ဘာစီလိုနာတို့ နိုင်ပွဲ ရဖို့ ရုန်းကန်ခဲ့ရပြီး ပွဲချိန် ၈၅မိနစ်မှာ လီဝန်ဒေါစကီးက ပင်နယ်တီကနေ တဆင့် အနိုင်ဂိုးကို သွင်းယူပေးခဲ့တာကြောင့်သာ ဘာစီလိုနာတို့ အဝေးကွင်းမှာ ရမှတ် ၃မှတ်ကို အပြည့် ယူနိုင်ခဲ့တာပါ။

Photo Credit: SPORT

အိုဆာဆူနာ ၁-၂ ဘာစီလိုနာ ပွဲစဉ်မှာ ဘာစီလိုနာ ကွင်းလယ်လူ ဂါဗီက ပွဲချိန် ၅၁မိနစ်မှာ အိုဆာဆူနာ ကွင်းလယ်လူ ဂါစီယာနဲ့ ခေါင်းယှဉ်တိုက်ရာ ကနေ နားရွက်ကွဲသွားခဲ့ပါတယ်။ ဒါပေမယ့် ဂါဗီက သူ့ရဲ့ ဒဏ်ရာကို ဂရုမစိုက်ပဲ ပွဲပြီးဆုံးချိန် အထိ အသင်းအတွက် ဆက်လက် ကစားပေးသွားခဲ့ပြီး နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Mundo Deportivoရဲ့ အဆိုအရ ဂါဗီဟာ သူ့ရဲ့ နားရွက်ကွဲဒဏ်ရာကို ၅ချက် အထိ ချုပ်ခဲ့ရကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဘာစီလိုနာ ပရိသတ်တွေတင်မကပဲ လာလီဂါရဲ့ ဘောလုံးပရိသတ်တွေကပါ ဂါဗီရဲ့ ရဲစွမ်းသတ္တိကို ချီးကျူးနေကြပြီး နားရွက်ကွဲဒဏ်ရာကြောင့် နာကျင်နေချိန်မှာတောင် အသင်းအတွက် ပေးဆပ် ကစားခဲ့တဲ့ ဂါဗီကို အတုယူသင့်ကြောင်း ပြောနေကြပါတယ်။