နာပိုလီ နည်းပြ ဂတ်တူဆိုကတော့ မနေ့ည၊ တနင်္ဂနွေနေ့ညက၊ အူဒီးနီစ်အသင်းကို အနိုင်ပိုင်းပစ်ခဲ့တဲ့ ပွဲစဉ် အပြီးမှာတော့ လာလီဂါ ပြိုင်ပွဲက အသင်းကြီး တစ်သင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းကို ချန်ပီယံလိဂ် ဒုတိယ အကျော့ ပွဲစဉ်မှာ ပုံစံကောင်းနဲ့ လာရောက် ယှဉ်ပြိုင်မယ်လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။ နည်းပြ ဂတ်တူဆိုရဲ့ နာပိုလီအသင်းဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမ အကျော့ ပွဲစဉ်မှာ ဘာစီလိုနာအသင်းနဲ့ (၁-၁) သရေကျခဲ့တာကြောင့် ချန်ပီယံလိဂ် ဒုတိယအကျော့ ပွဲစဉ်ကို အဝေးကွင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းကို သွားရောက် ယှဉ်ပြိုင် ကစားသွားရတော့မှာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

ဘာစီလိုနာအသင်း နဲ့ နာပိုလီအသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပဲွဲစဉ်ဟာ လာမယ့် သြဂုတ်လ (၈) ရက်နေ့မှာ ကစားသွားကြမှာ ဖြစ်ပြီး လက်ရှိအချိန်မှတော့ သူတို့ နှစ်သင်းအနေနဲ့ သက်ဆိုင်ရာ ပြည်တွင်း လိဂ်ဖလားတွေကို ရရှိဖို့ မဖြစ်နိုင်ဘဲ ချန်ပီယံလိဂ်ကိုပဲ အာရုံစိုက်ရမှာ ဖြစ်ပါတယ်။ နာပိုလီအသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် (၅) ပွဲမှာ ရှုံးပွဲမရှိသေးဘဲ (၃) ပွဲအထိကို အနိုင်ရရှိခဲ့တာကြောင့် ပုံစံကောင်းမှာ ရှိနေပြီး နာပိုလီ နည်းပြ ဂတ်တူဆိုကတော့ ဘာစီလိုနာအသင်းကို အဝေးကွင်းမှာ ပုံစံကောင်းနဲ့ သွားရောက် ယှဉ်ပြိုင်မယ်လို့ သတိပေး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Marca

တနင်္ဂနွေနေ့ညက အူဒီးနီစ်အသင်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ် အပြီးမှာတော့ နာပိုလီ နည်းပြ ဂတ်တူဆိုက “ကျွန်တော်တို့က ပြိုင်ပွဲပြန်စကတည်းက ကောင်းစွာ ကစားလာခဲ့ကြတာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ ကစားမယ့် ပွဲစဉ်မှာလည်း ပုံစံကောင်းနဲ့ သွားရောက် ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။ ဘာစီလိုနာမြို့မှာ တစ်လောက ကိုရိုနာ ဗိုင်းရပ် ရောဂါ ပြန်ဖြစ်ခဲ့တာကြောင့် ဒုတိယ အကျော့ ပွဲစဉ်ကို ပြန်ကစားဖို့ စိုးရိမ်မှုတွေ ရှိနေပေမယ့်လည်း နည်းပြ ဂတ်တူဆိုက “ဒီကိစ္စက ဥက္ကဌ နဲ့ ဒါရိုက်တာတွေ စိုးရိမ်ရမယ့် အကြောင်း ဖြစ်ပါတယ်။ ဒိကိစ္စကို စိုးရိမ်တာက သာမန် ဖြစ်ပါတယ်။ ဒါပေမယ့် ဒါကလည်း ဖြေရှင်းလို့ ရတဲ့ အရာပဲ ဖြစ်ပါတယ်”လို့ သတင်းထောက်တွေကို အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။