အီတလီ စီးရီးအေရဲ့ ဖျက်မြင်းအသင်း တသင်း ဖြစ်တဲ့ အတ္တလန်တာရဲ့ နည်းပြချုပ် ဂတ်စ်ပါရီနီက ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ သူတို့အသင်းရဲ့ လူငယ်ကြယ်ပွင့် ဟွိုက်လန်းဟာ ယူရို ၁၀၀သန်း တန်တဲ့ တိုက်စစ်မှူးပါလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အတ္တလန်တာနဲ့အတူ တောက်ပခဲ့တဲ့ ဒိန်းမတ်ကြယ်ပွင့် ဟွိုက်လန်းကို ခေါ်ယူချင်နေပြီး ယူနိုက်တက်နည်းပြ တန်ဟက်ဂ်က ဟွိုက်လန်းကို သူကိုယ်တိုင် ဆက်သွယ်ကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာဖို့ စည်းရုံးမှုတွေ လုပ်ထားပါတယ်။

Photo Credit: Football Transfer

ဒိန်းမတ်လူငယ်ကြယ်ပွင့် ဟွိုက်လန်းကလည်း ငယ်စဉ်ကတည်းက မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ် တဦး ဖြစ်တာကြောင့် ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုနဲ့ တန်ဟက်ဂ်ရဲ့ ဆက်သွယ်မှုတို့ ရောက်လာချိန်မှာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ချက်ချင်းပဲ ခေါင်းညိတ်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ဟွိုက်လန်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရယူနိုင်ခဲ့ပြီးနောက် ဟွိုက်လန်းရဲ့ ပြောင်းရွှေ့ကြေး အတွက် အတ္တလန်တာနဲ့ ဆက်လက် ဆွေးနွေးနေပြီး မန်ချက်စတာ ယူနိုက်တက်ဟာ ဟွိုက်လန်းကို ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင်နဲ့ ခေါ်ယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။

Photo Credit: Stretty News

အတ္တလန်တာကတော့ သူတို့ရဲ့ လူငယ်ကြယ်ပွင့် ဟွိုက်လန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း ဝန်းကျင် တောင်းဆိုထားပြီး အတ္တလန်တာရဲ့ နည်းပြချုပ် ဂတ်စ်ပါရီနီက ဟွိုက်လန်းဟာ ယူရို ၁၀၀သန်းတန် တိုက်စစ်မှူးမျိုး ဖြစ်ကြောင်း ဆိုလာပါတယ်။

ဂတ်စ်ပါရီနီက – “ကျွန်တော်က ဟွိုက်လန်းဟာ အသင်းမှာ ဆက်နေမလား ၊ ထွက်ခွာမလား ဆိုတာကို အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် ကျွန်တော်ကတော့ အသင်းက ဟွိုက်လန်းအတွက် ယူရို ၈၀သန်း ၊ ၉၀သန်း ၊ ၁၀၀သန်း စတဲ့ ပမာဏမျိုး တောင်းဆိုဖို့ မျှော်လင့်ထားပါတယ်။ ဟွိုက်လန်းက အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တဦးပါ။ သူက အခုချိန်မှာ အကောင်းဆုံး မဟုတ်သေးရင်တောင် သူ့ရဲ့ ပါရမီကြောင့် တချိန်မှာ အကောင်းဆုံးတွေထဲက တဦး ဖြစ်လာနိုင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။