ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ် ဝေဖန်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ဂယ်ရီနဗီးလ်ကတော့ သူ့ရဲ့ Youtube Channel ဖြစ်တဲ့ The Overlap’s Channel ကနေ ၂၀၂၁ခုနှစ် အတွင်း ရခဲ့တဲ့ ငွေကြေးအားလုံးကို လှူဒါန်းသွားမယ်လို့ ယမန်နေ့ညမှာ ကြေညာသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ အသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်ဟာ ကစားသမားဘဝမှာ လျှမ်းလျှမ်းတောက် အောင်မြင်မှုတွေ ရရှိခဲ့သလို ဘောလုံးရေးရာ သုံးသပ် ဝေဖန်သူ အဖြစ် လုပ်ကိုင်စဉ်မှာလည်း သူ့ရဲ့ လမ်းညွှန်ချက်တွေက လူငယ် ကစားသမားတွေ အထူးသဖြင့် လူငယ် အစွန်နောက်ခံလူတွေ အတွက် အတော်လေးကို အကျိုးရှိခဲ့ပါတယ်။

Photo Credit: Youtube

ဒါကြောင့်ပဲ ဂယ်ရီနဗီးလ်ဟာ ၂၀၂၁ခုနှစ် အတွင်းမှာတင် The Overlap’s Channel ကနေ များပြားလှတဲ့ ဝင်ငွေတွေ ရရှိခဲ့ပြီး နဗီးလ်ကတော့ အဆိုပါဝင်ငွေတွေကို သူ့ရဲ့ အပိုဝင်ငွေ တခု အဖြစ် သတ်မှတ်ကာ ပြန်လည် လှူဒါန်းသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။

ဂယ်ရီနဗီးလ်ရဲ့ ပြောပြချက်အရ သူဟာ သူ့ရဲ့ Channel ကနေ ရလာတဲ့ ဝင်ငွေအားလုံးကို Macmillan ကင်ဆာရောဂါသည် ထောက်ပံ့ရေး အဖွဲ့အစည်းနဲ့ အယ်လ်ဇိုင်းမား ဝေဒနာရှင်များ အသိုင်းအဝိုင်း အတွက် လှူဒါန်းသွားမယ်လို့ သိရပါတယ်။

Photo Credit: Youtube

လက်ရှိမှာတော့ ဘောလုံးပရိသတ်တွေက ဂယ်ရီနဗီးလ်ရဲ့ အစီအစဉ်ကို သဘောကျနေကြပြီး နဗီးလ်ကို သဘောထားကြီးသူ အဖြစ် ချီးကျူးနေကြသလို ပရိသတ်အချို့ကလည်း နဗီးလ်ရဲ့ အလှူမှာ ပါဝင်ချင်ကြောင်း ပြောဆိုနေကြပါတယ်။