ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ Sky Sports သတင်းဌာနနဲ့ လက်တွဲကာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်ကတော့ ယနေ့မနက် အစောပိုင်းမှာ မန်ချက်စတာ ယူနိုက်တက်က လီဗာပူးကို ကစားကွက်အသာနဲ့ အနိုင်ရသွားတာကို မယုံကြည်နိုင်သေးကြောင်း ပွဲအပြီးမှာ ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ပရီးမီးယားလိဂ် ပွဲစဉ်(၃) အဖြစ် ခါးသီးပြိုင်ဘက် လီဗာပူးကို အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဧည့်ခံကစားခဲ့ရာ အဓိက တိုက်စစ် ကစားသမားတွေ ဖြစ်တဲ့ ဆန်ချို ၊ ရက်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ လီဗာပူးကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။

 

Photo Credit: Express

အထူးသဖြင့် မန်ချက်စတာ ယူနိုက်တက်က ယခုနှစ် ဘောလုံးရာသီရာသီရဲ့ အဖွင့်ပွဲ ၂ပွဲမှာ ဘရိုက်တန်နဲ့ ဘရန့်ဖို့ဒ်တို့လို အသင်းငယ်တွေကို ဂိုးပြတ် ခြေပြတ် ရှုံးနိမ့်ခဲ့တာကြောင့် လီဗာပူးနဲ့ ရင်ဆိုင် ကစားရချိန်မှာလည်း လီဗာပူးကသာ ယူနိုက်တက်ကို အနိုင်ရသွားလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပါတယ်။

ဒါပေမယ့် တကယ်တမ်း ပွဲစချိန်မှာတော့ မန်ချက်စတာ ယူနိုက်တက်ကသာ လီဗာပူးထက် ပိုကောင်းနေပြီး ဂယ်ရီ နဗီးလ်ကလည်း သူက ယူနိုက်တက်ဟာ လီဗာပူးကို နိုင်မယ်လို့ မထင်ထားမိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

 

Photo Credit: Express

ဂယ်ရီ နဗီးလ်က – “အရိုးသားဆုံး ပြောရရင် ကျွန်တော်က အတော်လေး အံ့ဩနေခဲ့တာပါ။ မန်ယူက ပြီးခဲ့တဲ့ ရာသီကို သိမ်းသွားတဲ့ ခြေစွမ်း ၊ ဒီရာသီအစ ခြေစွမ်းတွေနဲ့ လီဗာပူးကို နိုင်မယ် ဆိုတာ မဖြစ်နိုင်ဘူးလို့ တွေးထားတာပါ။ ဒီညမှာ အတော်လေး ခြေငုပ်နေတဲ့ ကစားသမားတွေလည်း ခြေစွမ်းပြနိုင်လာပါတယ်။ ဒီတပတ်ထဲမှာ မန်ချက်စတာ ယူနိုက်တက် ကစားသမားတွေ ဘယ်လိုပြောင်းလဲသွားလဲ ဆိုတာကို မသိရပေမယ့် သူတို့ကို ကြည့်ရတာ သတ္တိပိုရှိလာပြီး လုပ်ရဲကိုင်ရဲ ဖြစ်လာပုံ ရပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။