တော့တင်ဟမ် ဟော့စပါးအသင်းက ဒီနှစ် ဘောလုံးရာသီအတွင်း လီဗာပူးလ် နဲ့ အာဆင်နယ်အသင်းတို့ရဲ့ အထက် မြင်မားတဲ့ အဆင့် ရပ်တည်မှုမှာ ရပ်တည်သွားနိုင်တယ်လို့ ကစားသမားဟောင်းကြီး ဂယ်ရီ နဗီးလ်က သုံးသပ်သွားခဲ့ပါတယ်။

စပါးအသင်းဟာ ဒီရာသီမှာ နည်းပြသစ် ပိုစတီကိုဂလူးလက်ထက် အသင်းရဲ့ ကစားဟန်ရော ရလဒ်ပိုင်းတွေမှာပါ တိုးတက်မှုတွေ ရှိလို့နေပြီး လက်ရှိမှာလည်း အမှတ်ပေးဇယားထိပ်က လီဗာပူးလ်အသင်းနဲ့ တစ်ပွဲအသာ (၅)မှတ်အကွာ အဆင့် (၅)နေရာမှာ ရပ်တည်လျက် ရှိနေပါတယ်။

Photo Credit : Sky Sports

ဆွန်ဟောင်မင် ဆား ဘစ်ဆူးမားတို့ကို နိုင်ငံတကာ ပြိုင်ပွဲတွေစီ စေလွတ်ထားရပြီး မတ်ဒီဆင် ကူလူဆက်ဗ်စကီး ပါရီဆစ် ဘင်ဒေးဗီးစ် ဆော်လမွန်တို့လို ကစားသမားတွေပါ ဒဏ်ရာရနေပေမယ့်လည်း အိုးထရက်ဖို့ဒ်မှာ အိမ်ရှင် မန်ယူနိုက်တက်ကို (၂)ဂိုးစီ သရေကျအောင် ကစားသွားနိုင်ခဲ့ပါတယ်။

စပါးအသင်းရဲ့ စွမ်းဆောင်မှုကောင်းတွေနဲ့ ပတ်သက်ပြီး နဗီးလ်က “သူတို့အသင်းသာ ကစားသမားတွေကို fit ဖြစ်နေအောင် ထိန်းထားနိုင်မယ်ဆိုရင်တော့ သူတို့က သေချာပေါက် Top 4 နေရာနဲ့ ရာသီသိမ်းနိုင်လိမ့်မယ်။ အဆင့် (၂) (၃)လောက်အထိ ရပ်တည်နိုင်လိမ့်မယ်လို့ ကျွန်တော်တော့ ထင်မိတယ်။”

Photo Credit : TEAMtalk

“သူတို့ရဲ့ အဓိက ကစားသမားတွေသာ အချိန်တိုလေးအတွင်း အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်မယ်ဆိုရင်တော့ ဒီရာသီမှာ သူတို့က လီဗာပူးလ် အာဆင်နယ်တို့ထက်တောင် ပိုကောင်းနိုင်တယ်လို့ ကျွန်တော် တကယ်ပဲ ထင်မိပါတယ်။ အက်ဖ်အေဖလားမှာ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာကတော့ သူတို့အတွက် လုံးဝ မလွယ်ကူဘူး။”

“ဒါပေမယ့် အဲ့ဒီပြိုင်ပွဲကနေ ထွက်သွားရမယ်ဆိုရင်လည်း အမှတ်ပေးလိဂ်အတွက် အပြည့်အဝ အာရုံစိုက်သွားနိုင်ပါတယ်။ ဒါပေမယ့် ခက်တာက သူတို့အသင်းအတွက် ဆုဖလားကတော့ လိုအပ်ပါတယ်။” လို့ မှတ်ချက်ပြု ပြောကြားသွားခဲ့ပါတယ်။