မန်ယူဂန္တဝင် ကစားသမားဟောင်း လက်ရှိ SkySports ဘောလုံး သုံးသပ်သူ ဂယ်ရီနဗီးလ်ကတော့ ချဲလ်ဆီး တိုက်စစ်မှူး တီမိုဝါနာအနေနဲ့ ချဲလ်ဆီးအသင်းအတွက် ပွဲဦးထွက် ရာသီမှာ ပရီးမီးယားလိဂ် သွင်းဂိုး (၂၀) ဂိုး သွင်းယူနိုင်မှာ ဖြစ်ပါတယ်လို့ MNF သတင်းမှာ ခန့်မှန်းပြောကြားသွားခဲ့ပါတယ်။ ဂျာမနီ လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာဟာ ယခုအပတ် တနင်္လာနေ့က ဘရိုက်တန်အသင်းကို သူ့ရဲ့ ချဲလ်ဆီးအသင်းက (၃-၁) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁) ပွဲမှာ ပွဲဦးထွက် ပွဲစဉ် ကစားသွားခဲ့တာ ဖြစ်ပြီး ချဲလ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Football.London

အသက် (၂၄) နှစ်အရွယ် တိုက်စစ်မှူး တီမိုဝါနာဟာ ချဲလ်ဆီးအသင်းရဲ့ ပွဲဦးထွက်ပွဲစဉ်မှာ သွင်းဂိုး မသွင်းနိုင်ခဲ့တာ ဖြစ်ပေမယ့်လည်း ခြေစွမ်းပြ ကစားနိုင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ အသင်းဖော်တွေဖြစ်တဲ့ ဂျော်ဂျင်ဟို၊ ဂျိမ်း နဲ့ ဇူးမားတို့က တစ်ဂိုးစီ သွင်းယူနိုင်ခဲ့တာကြောင့် နိုင်ပွဲ ဖော်ဆောင်နိုင်ခဲ့ကြပါတယ်။ တီမိုဝါနာဟာ ပြီးခဲ့တဲ့ ရာသီက လိုက်ပ်ဇစ်အသင်းမှာ ပြိုင်ပွဲစုံ ပွဲစဉ် (၄၅) ပွဲ ကစားခဲ့ရာမှာ ပြိုင်ပွဲစုံ သွင်းဂိုး (၃၄) ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ် ကစားသမားဟောင်း ဂယ်ရီနဗီးလ်က တီမိုဝါနာအနေနဲ့ လက်ရှိရာသီမှာ ချဲလ်ဆီးအသင်းအတွက် သွင်းဂိုး (၂၀) ဂိုး သွင်းနိုင်မယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Football.London

ဂယ်ရီနဗီးလ်က “အမှန်အတိုင်း ပြောရမယ် ဆိုရင် အားလုံးက ကောင်းလွန်းတဲ့ ပုံစံမှာ ရှိနေပါတယ်။ နောက်ဆုံး (၄) နှစ်က ထိပ်သီးလိဂ်မှာ သူ သွင်းခဲ့တဲ့ သွင်းဂိုးတွေကို တွေးမိကြပါလိမ့်မယ်။ သူက အသက် (၂၄) နှစ်ပဲ ရှိပါသေးတယ်။ ခေါ်ယူခဲ့တဲ့ ကစားသမားတွေကို အရဲစွန့်ဖို့ တွေးနေရပါမယ်။ အနည်းဆုံးတော့ အရဲစွန့်ရပါလိမ့်မယ်။ သူက အရပ်ရှည်တယ်၊ လျှင်မြန်တယ်၊ ဂိုးသွင်းနိုင်တယ်၊ ကောင်းမွန်တဲ့ စိတ်ထားရှိပါတယ်။ လက်ရွေးစင် ပွဲစဉ် (၃၁) ပွဲမှာ (၁၂) ဂိုးအထိ သွင်းနိုင်ခဲ့တယ်။ အဲဒီပွဲစဉ်တွေမှာ သူက အားလုံးကို ပွဲထွက် မကစားခဲ့ရဘဲ အချို့ကို လူစားလဲဝင်ကစားခဲ့ပါတယ်။ တကယ်လို့ သူက ကြံခိုင်မှု ပြည့်ဝနေပြီး လက်ရှိရာသီမှာ ချဲလ်ဆီးအသင်းအတွက် သွင်းဂိုး (၂၀) ဂိုး မသွင်းနိုင်ဘူး ဆိုရင်တော့ ကျွန်တော် အံ့သြမိလိမ့်မယ်။ သူ့ဘေးမှာ မေဆင်မောင့်၊ ပူလီဆစ်၊ ကိုင်းဟာဗက်စ် နဲ့ ဇီယက်စ်တို့ ရှိပြီး သူ့နောက်မှာ ဂျော်ဂျင်ဟို နဲ့ ကန်တီ ရှိပါတယ်။ သူ့ဘေးမှာ အလွန် ကောင်းတဲ့ ကစားသမားတွေ အများကြီး ရှိပါတယ်”လို့ ပြောကြားသွားခဲ့ပါတယ်။ နည်းပြ လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ယခုအပတ် ပရီးမီးယားလိဂ် ပွဲစဉ် (၁) မှာ ဘရိုက်တန်အသင်းကို (၁-၃) ရလဒ်နဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပြီး နောက်ပတ် တနင်္ဂနွေနေ့ညမှာ ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ လီဗာပူးလ်အသင်းနဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ပွဲစဉ် ကစားသွားမှာ ဖြစ်ပါတယ်။