ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ ညာနောက်ခံလူဟောင်း တဦး ဖြစ်သူ ဂယ်ရီနဗီးလ်က ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ လူငယ် ကွင်းလယ်ကြယ်ပွင့် ဘယ်လင်ဟမ််ဟာ ပြီးပြည့်စုံတဲ့ ကစားသမား တဦး ဖြစ်နေပြီလို့ ချီးကျူးလိုက်ပါတယ်။

အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ ဒေါ့မွန်နဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်က ဆယ်ကျော်သက် ကစားသမား တဦးသာ ဖြစ်ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန် ကွင်းလယ်ရဲ့ တနေရာကို အပိုင်စား ရထားသူပါ။

Photo Credit: Birmingham Live

ဘယ်လင်ဟမ်က ယနေ့ခေတ်မှာ ရှားပါးတဲ့ Box to Box ကွင်းလယ်လူ တဦး ဖြစ်ပြီး သူ့ရဲ့ နည်းစနစ် ကြွယ်ဝမှု ၊ အားကောင်းတဲ့ ကြံ့ခိုင်မှု ၊ ဘောလုံးအမြင် ပြည့်စုံမှုနဲ့ ခေါင်းဆောင်နိုင်စွမ်းတို့ကြောင့် ဒေါ့မွန်ရဲ့ ဒုတိယ အသင်းခေါင်းဆောင် တာဝန်ကို ရထားပါတယ်။

ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဘယ်လင်ဟမ်က အင်္ဂလန်ရဲ့ ကွင်းလယ်ကို အကောင်းဆုံး ဦးဆောင်ထားနိုင်ပြီး ဘယ်လင်ဟမ်က အင်္ဂလန်အတွက် ၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁ကြိမ်လည်း ရရှိထားပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ တဦးအဖြစ် လုပ်ကိုင်နေတဲ့ ဂယ်ရီနဗီးလ်က ဘယ်လင်ဟမ်ဟာ ပြီးပြည့်စုံတဲ့ ကစားသမား ဖြစ်နေပြီလို့ ချီးကျူးသွားခဲ့တာပါ။ ဂယ်ရီနဗီးလ်က – “ကွင်းလယ်လူ တယောက်က သူ့ရဲ့ ကွင်းဘက်််််််ခြမ်းမှာရော ၊ တဖက်အသင်းရဲ့ ကွင်းဘက်ခြမ်းမှာပါ သက်တောင့်သက်သာ ကစားနိုင်တာကို မြင်ရဖို့ ခဲယဉ်းပါတယ်။ ဒါပေမယ့် ဘယ်လင်ဟမ်ကတော့ အရာအားလုံးကို အလွယ်တကူ လုပ်နိုင်စွမ်း ရှိနေပါတယ်။ သူက ဘောလုံးကိုင်တဲ့ ကွင်းလယ်လူ တဦး အဖြစ် ကစားနိုင်သလို ကွင်းလယ်တိုက်စစ် ကစားသမား အဖြစ်လည်း ပြောင်းလဲ ကစားတတ်ပါတယ်။ သူ့ကို ကြည့်ရတာ အရမ်းကို အံ့ဩဖို့ ကောင်းပါတယ်။ သူက အရာအားလုံးကို ပိုင်ဆိုင်ထားသူပါ။ သူက တည်​ငြိမ်တယ်။ ရင့်ကျက်တယ်။ အကြောက်အလန့် ကင်းတယ်။ ကျွန်တော့်ရဲ့ ဘဝမှာ အင်္ဂလန် ဝတ်စုံကို ဝတ်လိုက်တာနဲ့ ဖိအားတွေ အများကြီး အောက်ကို ရောက်သွားတတ်တဲ့ ကစားသမားတွေ အများကြီးကို တွေ့ဖူးပါတယ်။ ဘယ်လင်ဟမ်ကတော့ အဲ့ဒီ ကစားသမားတွေနဲ့ လုံးဝကို မတူပါဘူး။ သူက အမြဲတမ်း သူ ဘာလုပ်သင့်လဲ ဆိုတာကို သိနေတတ်တဲ့ လူပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။