ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်း တစ်ဦး ဖြစ်တဲ့ ဂယ်ရီနဗီးလ်ကတော့ သူ့ရဲ့ အသင်းဟောင်း မန်ယူအသင်းအနေနဲ့ ဂျာမန် ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် လူငယ် တောင်ပံကစားသမား ဖြစ်သူ ဆန်ချိုကို ခေါ်ယူရာမှာ လက်မနှေးသင့်ဘူးလို့ အကြံပေး စကား ဆိုသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ဒေါ့မွန်အသင်းရဲ့ ညာတောင်ပံ ကစားသမား ဆန်ချိုကို ခေါ်ယူဖို့အတွက် ကာလရှည် ကြိုးစား နေတဲ့ အသင်းတစ်သင်း ဖြစ်ပြီး လက်ရှိအချိန် မှာလည်း ဆန်ချိုကို ခေါ်ယူနိုင်ဖို့ ဒေါ့မွန်အသင်းနဲ့ တရားဝင် ဆွေးနွေးမှုတွေကို အဆက်မပြတ် ပြုလုပ်နေတဲ့ အသင်းတစ်သင်းပဲ ဖြစ်ပါတယ်။

Photo Credit: Sports Net

နောက်ဆုံးရထားတဲ့ သတင်းတွေအရတော့ မန်ယူအသင်းဟာ ဆန်ချိုကို ခေါ်ယူဖို့အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားပြီး ဒေါ့မွန်အသင်းနဲ့ ဆွေးနွေးရာမှာလည်း တိုးတက်မှုတွေ ရှိနေကာ နောက်ဆုံးအနေနဲ့ ပြောင်းရွှေ့ကြေးကို သတ်မှတ်ဖို့အတွက်ပဲ ကျန်ရှိပါတော့တယ်။ လက်ရှိမှာတော့ ဒေါ့မွန်အသင်းဟာ ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကို ပေါင် ၁၀၇ သန်းအထိ အလိုရှိနေပြီး မန်ယူအသင်းကတော့ လာမယ့် ဘောလုံးရာသီမှာသာ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကို ဝင်ရောက်ခွင့်ရမှသာ ဒေါ့မွန် အသင်း တောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေမှာ ဖြစ်ကြောင်း သိရပါတယ်။ ဂယ်ရီနဗီးလ် ကတော့ မန်ယူအသင်းအနေနဲ့ လက်ရှိအချိန်မှာ ဆန်ချိုကို ခေါ်ယူဖို့အတွက် တစ်သင်းတည်း ကြိုးစားခွင့် ရတာကို အခွင့်အရေး ယူသင့်တယ် လို့ ဆိုသွားခဲ့သလို လာမယ့် ဘောလုံးရာသီမှာဆိုရင် ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားလာမယ့် အသင်းတွေ အများကြီး ရှိလာနိုင်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Sports Net

ဆန်ချိုကို ခေါ်ယူဖို့အတွက် မန်ယူအသင်း အနေနဲ့ လက်မနှေးသင့်တဲ့ အကြောင်းကို ဂယ်ရီ နဗီးလ်က ” ခင်ဗျားဟာ ကစားသမား တစ်ဦး ကို ခေါ်ယူဖို့ ကြိုးစားနေရင် အဲ့ဒီ ကစားသမား ကို ပိုင်ဆိုင်ထားတဲ့ အသင်းဆီ ငွေကြေး ပေးချေရမှာပါပဲ။ ဒေါ့မွန်အသင်းက သူတို့အသင်းရဲ့ ကစားသမားကို ရောင်းချတဲ့ နေရာမှာ ခင်ဗျား က သွားပြီး အနိုင်ကျင့်လို့ မရပါဘူး။ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာဆိုရင် ရီးရဲလ် မက်ဒရစ်အသင်းက ဆန်ချိုကို ခေါ်ယူဖို့အတွက် ကြိုးစားလာနိုင်ပါတယ်။ ဘိုင်ယန်မြူးနစ် အသင်းကလည်း ကြိုးစားနိုင်တယ်။ ပြီးတော့ မန်စီးတီးနဲ့ ချယ်လ်ဆီးပေါ့။ လွန်ခဲ့တဲ့ ၇နှစ် ၊ ၈နှစ်အတွင်းမှာ မန်ယူအသင်းဟာ ကစားသမား တစ်ဦးကို ဝယ်ယူဖို့အတွက် ငွေကြေး ရှိပေမယ့် အဲ့ဒီ ကစားသမားက အသင်းကို လာဖို့ ဆန္ဒမရှိတာကြောင့် လက်လွှတ်လိုက်ရတဲ့ အခိုက်အတန့်တွေ ကြုံခဲ့ရပါတယ်။ အခုချိန်မှာတော့ မန်ယူအသင်းဟာ ကစားသမားတွေကို လာချင် အောင် ဆွဲဆောင်နိုင်တဲ့ အနေအထားမှာ ရှိနေပါပြီ။ ပေါ့ဘာဟာ မန်ယူအသင်းမှာ ရှိနေမယ် လို့ ကျွန်တော် ထင်ပါတယ်။ ပြီးတော့ အခုချိန် မှာ မန်ယူအသင်းက စျေးကွက်ကို အသုံးချလို့ ရတဲ့ အနေအထားမှာ ရှိပါတယ်။ စျေးဆိုင်ထဲမှာ ကိုယ်တစ်ဦးတည်း ဝယ်လို့ ရတဲ့ အနေအထားက သုံး ၊ လေးဦးနဲ့ ပြိုင်ဝယ်ရတဲ့ အနေအထား ထက် ပို ကောင်းပါတယ်။ ဒီတော့ အခွင့်အရေး ကို အသုံးချလိုက်စမ်းပါ ” လို့ ရှင်းလင်း ပြောကြား သွားခဲ့ပါတယ်။